ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ရှိ စက္ကူစက် (စစ်တောင်း) ၌ ရင်းနှီးမြှုပ်နှံခွင့်ရရန် ကိုရီးယားကုမ္ပဏီနှင့် တရုတ်ကုမ္ပဏီတို့ မွန်ပြည်နယ် အစိုးရအဖွဲ့ထံ လာရောက်အဆိုပြု

ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ရှိ စက္ကူစက် (စစ်တောင်း) ၌ ရင်းနှီးမြှုပ်နှံခွင့်ရရန် ကိုရီးယားကုမ္ပဏီနှင့် တရုတ်ကုမ္ပဏီတို့ မွန်ပြည်နယ် အစိုးရအဖွဲ့ထံ လာရောက်အဆိုပြု
Published 7 April 2018

စက္ကူစက် (စစ်တောင်း) ကို ဧပြီလဆန်းပိုင်းက တွေ့ရစဉ်

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ရှိ စက္ကူစက် (စစ်တောင်း) ၌ ရင်းနှီးမြှုပ်နှံခွင့်ရရန် ကိုရီးယားနိုင်ငံမှ Korea Industrial Complex ကုမ္ပဏီနှင့် တရုတ်နိုင်ငံမှ Famsun Agriculture Industry Zone ကုမ္ပဏီတို့ မွန်ပြည်နယ် အစိုးရအဖွဲ့ထံ လာရောက်၍ အဆိုပြုထားကြောင်း စက္ကူစက် (စစ်တောင်း) ပဏာမ စိစစ်ရေး ကော်မတီဝင် နိုင်ငံတကာ ဆက်ဆံရေး တာဝန်ခံ၊ မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် ပအိုဝ်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဒေါ်စံဝင့်ခိုင်က ပြောကြားသည်။

“ကိုရီးယားနိုင်ငံက Korea Industrial Complex ကုမ္ပဏီက ဖေဖော်ဝါရီ နောက်ဆုံးပတ်မှာ မွန်ပြည်နယ် အစိုးရအဖွဲ့နဲ့ လာရောက် တွေ့ဆုံခဲ့ပြီးတော့ တရုတ်နိုင်ငံက Famsun Agriculture Industry Zone ကုမ္ပဏီက မတ်လ ပထမပတ်မှာ လာရောက်တွေ့ဆုံခဲ့ပါတယ်။ အဲဒီကုမ္ပဏီ နှစ်ခုစလုံးက စစ်တောင်းစက္ကူစက်မှာ ရင်နှီးမြှုပ်နှံဖို့ အရမ်းကို စိတ်ဝင်စားနေပါတယ်” ဟု ဒေါ်စံဝင့်ခိုင်က ဆိုသည်။

၎င်းက ဆက်လက်ပြီး “မွန်ပြည်နယ် ဝန်ကြီးချုပ်ကတော့ အမြန်ဆုံးလာတဲ့ ကုမ္ပဏီကတော့ အခွင့်အရေး ရမှာပေါ့နော်။ ဟိုကလည်း အမြန်ဆုံးလာ၊ ဒီကလည်း အမြန်ဆုံးလာဆိုတော့ ဝန်ကြီးချုပ်က ဝေခွဲရခက်နေတော့ ပြည်ထောင်စုကို တင်ပြပေးမယ်။ ပြည်ထောင်စုက သဘောတူတယ် ဆိုလို့ရှိရင် တင်ဒါခေါ်မယ်။ အဲဒီအခါကျမှ ရတဲ့သူကို ပေးမှာပါ။ နောက်ပြီး စက္ကူစက် (စစ်တောင်း) က ဝန်ထမ်းတွေကိုလည်း အလုပ်အကိုင် အခွင့်အလမ်းတွေ အမြန်ဆုံး ရစေချင်ပါတယ်” ဟု ပြောကြားသည်။

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ စစ်တောင်းစက္ကူစက်ရုံ မြေ ၆၉၈ ဧကကို တစ်နှစ်လျှင် ကျပ်သိန်း ၄၀၀ ဖြင့် ယခင်အစိုးရလက်ထက်က ရွှေသံလွင်ဟိုင်းဝေးကုမ္ပဏီသို့ စက်ရုံစုများ ဖော်ထုတ်နိုင်ရန် ၂၀၁၅ ခုနှစ်မှ ၂၀၄၅ ခုနှစ်အထိ နှစ် ၃၀ ငှားရမ်းခဲ့ကြောင်း၊ စက်ရုံရှိ အဆောက်အအုံများ၊ စက်နှင့် စက်ပစ္စည်းများကို ပုံသေပိုင်ပစ္စည်း လက်ကျန်တန်ဖိုး (Book Value) ဖြင့် ကုမ္ပဏီသို့ ရောင်းချခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၁၁ ခုနှစ် စက်တင်ဘာက ပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး သဘောတူညီချက်အရ စစ်တောင်းစက္ကူစက်ရုံကို တစ်နှစ်လျှင် ကျပ်သိန်း ၂၀၀ ကျော်ဖြင့် ရွှေသံလွင် ဟိုင်းဝေးကုမ္ပဏီသို့ ၁၀ နှစ် စာချုပ်ချုပ်ဆို ငှားရမ်းခဲ့ကြောင်း၊ သို့သော် အရှုံးပေါ်သည် ဟုဆိုကာ ကုမ္ပဏီက ၂၀၁၂ ခုနှစ်တွင် ကုန်ထုတ်လုပ်မှု လုံးဝရပ်ဆိုင်းခဲ့ပြီး စက်ရုံကို Industrial Complex အသွင်ဖြင့် ဆောင်ရွက်ခွင့်ပြုရန် နိုင်ငံတော်သမ္မတရုံးသို့ တင်ပြရာ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်ရန် သမ္မတရုံးက ညွှန်ကြားခဲ့ကြောင်း စက်မှုဝန်ကြီး ဦးခင်မောင်ချိုက ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၂၉ ရက်ကပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ကျိုက်ထိုမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှမြင့်သန်း၏ စစ်တောင်းစက္ကူစက်ရုံနှင့် ပတ်သက်ပြီး မေးမြန်းသော မေးခွန်းကို ပြန်လည်ဖြေကြားချက်အရ သိရသည်။

စက်ရုံမြေကို စက်မှုဝန်ကြီးဌာနက မြေအသုံးချမှု စီမံခန့်ခွဲမှုကော်မတီသို့ ပြန်လည်အပ်နှံခဲ့ပြီး ပြည်ထဲရေး ဝန်ကြီးဌာနက စက်ရုံမြေကို နိုင်ငံတော်၏ စီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေအဖြစ် မွန်ပြည်နယ် အစိုးရအဖွဲ့သို့ ၂၀၁၄ ခုနှစ်အတွင်း လွှဲပြောင်းပေးခဲ့ကြောင်း၊ စက်ရုံမြေဧရိယာ ၉၂၆ ဧကအနက် ၆၉၈ ဒသမ ၄၂ ဧကကို ရွှေသံလွင် ဟိုင်းဝေးကုမ္ပဏီက စက်ရုံစုများ ဖော်ထုတ်နိုင်ရန် စက်မှု/စီးပွား မြေငှားဂရန် လျှောက်ထားခဲ့ပြီး တစ်နှစ်လျှင် မြေငှားရမ်းခ ငွေကျပ်သိန်း ၄၀၀ ဖြင့် ၂၀၁၅ ခုနှစ်မှ ၂၀၄၅ ခုနှစ်အထိ ငှားရမ်းထားသည်။

သို့သော် စက္ကူစက်ရုံ (စစ်တောင်း) နှင့် ပတ်သက်၍ လုပ်ငန်းများ လုပ်ဆောင်နိုင်ခြင်း မရှိသည့်အတွက် နိုဝင်ဘာ ၃၀ ရက်က မွန်ပြည်နယ် အစိုးရအဖွဲ့ထံ လွှဲပြောင်းလှူဒါန်းခဲ့ပြီဖြစ်ကြောင်း၊ စက္ကူစက်ရုံ (စစ်တောင်း) အား ပိတ်သိမ်းလိုက်ပြီး ဖြစ်ကြောင်းနှင့် လက်ရှိ စက်ရုံဝန်ထမ်း ၄၇၃ ဦးအား နိုင်ငံတော်၏ တည်ဆဲဥပဒေများအတိုင်း၊ အလုပ်ရပ်စဲမှု နို့တစ်ကြေး တစ်လစာ၊ နစ်နာကြေး သုံးလစာ၊ လုပ်သက်ခံစားခွင့် တစ်လစာ စုစုပေါင်း ငါးလစာကို မွန်ပြည်နယ် အစိုးရအဖွဲ့က ဖွဲ့စည်းတာဝန် ပေးအပ်ထားသည့် ကြီးကြပ်စစ်ဆေးရေး ကော်မတီနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ရှေ့မှောက်တွင် ပေးအပ်သွားမည် ဖြစ်ကြောင်း ရွှေသံလွင်ဟိုင်းဝေး ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ သိရသည်။

 

Most Read

Most Recent