နိုင်ငံသားမဟုတ်သူများကို မောင်တောတောင်ပိုင်းတွင် ပြန်လည်နေရာချထားခြင်း မပြုရန် အရေးကြီးအဆိုအား လွှတ်တော်ကိုယ်စားလှယ် ခုနစ်ဦး ထောက်ခံဆွေးနွေးပြီး လွှတ်တော်အတွင်း ကန့်ကွက်သူ မရှိသဖြင့် ရခိုင်ပြည်နယ်လွှတ်တော် အတည်ပြု

နိုင်ငံသားမဟုတ်သူများကို မောင်တောတောင်ပိုင်းတွင် ပြန်လည်နေရာချထားခြင်း မပြုရန် အရေးကြီးအဆိုအား လွှတ်တော်ကိုယ်စားလှယ် ခုနစ်ဦး ထောက်ခံဆွေးနွေးပြီး လွှတ်တော်အတွင်း ကန့်ကွက်သူ မရှိသဖြင့် ရခိုင်ပြည်နယ်လွှတ်တော် အတည်ပြု
Published 7 April 2018

နိုင်ငံသား မဟုတ်သူများကို မောင်တောတောင်ပိုင်းတွင် ပြန်လည်နေရာချထားခြင်း မပြုရန် အရေးကြီး အဆိုအား လွှတ်တော်ကိုယ်စားလှယ် ခုနစ်ဦးက ထောက်ခံဆွေးနွေးပြီး လွှတ်တော်အတွင်း ကန့်ကွက်သူ မရှိသဖြင့် ဧပြီ ၆ ရက်က ပြုလုပ်သော ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် သတ္တမပုံမှန်အစည်း အဝေး ၁၂ ရက်မြောက်နေ့တွင် အတည်ပြုခဲ့ကြောင်း သိရသည်။

ယင်းအဆိုအား ဧပြီ ၃ ရက်တွင်ပြုလုပ်သည့် ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် သတ္တမပုံမှန် အစည်းအဝေး ဒသမနေ့တွင် ဘူးသီးတောင်မြို့နယ် အမှတ် (၂) မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက တင်သွင်းခဲ့ပြီး လွှတ်တော်အတွင်း ဆက်လက်ဆွေးနွေးရန် အတည်ပြုသဖြင့် ဧပြီ ၆ ရက်တွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၊ ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးနှင့် ရခိုင်အမျိုးသားပါတီမှ လွှတ်တော်ကိုယ်စားလှယ် ငါးဦးတို့က ထောက်ခံဆွေးနွေးခဲ့သည့်အပြင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ သဘောထား ရယူရာတွင်လည်း ကန့်ကွက်စရာမရှိဟု ပြောဆိုခဲ့ကြောင်း သိရသည်။

ထိုသို့ အရေးကြီးအဆို တင်သွင်းရခြင်းသည် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး၊ နိုင်ငံတော် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးနှင့် တိုင်းရင်းသား ဒေသခံများ ဘဝလုံခြုံရေးအပေါ် အကြမ်းဖက်မှု မဖြစ်ပေါ်ရေးတို့အတွက် အဓိကထား တင်ပြခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အလုပ်လုပ်သည့် အခါတွင် ပွင့်လင်းမြင်သာစွာရှိရန် လိုအပ်ကြောင်း၊ မောင်တောတောင်ပိုင်းမှ ဒေသခံများ အနေဖြင့် ကြေညာချက်ထုတ်ပြန်ပြီး တောင်းဆိုသည်များ ရှိခဲ့သည့်အပြင် တာဝန်ရှိသူ အကြီးအကဲများ လာရောက်သည့် အခါတွင်လည်း ဒေသခံများက တောင်းဆိုမှုများ ရှိခဲ့သည့်တိုင် ဒေသခံ တိုင်းရင်းသားများနှင့် တွေ့ဆုံဆွေးနွေးခြင်း မရှိဘဲ လုပ်ဆောင်နေမှုများကိုလည်း တွေ့ရှိရကြောင်းနှင့် ပွင့်လင်းမြင်သာမှု မရှိဘဲ ဘင်္ဂါလီများကို နေရာချထားရန် စီစဉ်နေမှုများကိုလည်း သိရှိရကြောင်း ဦးထွန်းအောင်သိန်းက ပြောကြားသည်။

ယင်းနှင့်ပတ်သက်ပြီး ဦးထွန်းအောင်သိန်းက “တကယ့်ကို အရေးကြီးလို့ အရေးကြီးအဆို တင်သွင်းတာ ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ လိုအပ်ချက်အရ ကျွန်တော်တို့က အဆိုတင်သွင်းရခြင်း ဖြစ်ပါတယ်။ အဓိကတော့ တရားဥပဒေစိုးမိုးရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးနဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေ နောက်ထပ်တစ်ကြိမ် အကြမ်းဖက်မှု မခံရအောင် ကြိုတင်ကာကွယ် တားဆီးတဲ့ အနေနဲ့ တင်ပြတာဖြစ်တယ်။ ဘာကြောင့်လဲဆိုရင် အခုဘင်္ဂါလီမရှိတော့ တည်ငြိမ်အေးချမ်းနေတယ်။ သွားလာလို့ရတယ်။ နိုင်ငံသား မဟုတ်တဲ့ ဘင်္ဂါလီတွေကို ပြန်လည် နေရာချထားမယ်ဆိုရင် တိုင်းရင်းသား လူနည်းစုတွေ အန္တရာယ် ရှိလာနိုင်တယ်။ ဒါကြောင့် အရေးကြီးအဆို တင်သွင်းရတာ ဖြစ်ပါတယ်။ နိုင်ငံသား ဖြစ်သူတွေကို လက်ခံပါ။ ဒီအပေါ်မှာ အငြင်းပွားစရာ မရှိပါ။ နိုင်ငံသား မဟုတ်တဲ့သူတွေကို လက်ခံလို့မရပါဘူး။ ဒါက မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေနဲ့လည်း မကိုက်ညီဘူး။ ဒီလို နိုင်ငံသား မဟုတ်တဲ့သူတွေကိုပါ လက်ခံလာနိုင်တဲ့ အနေအထား ရှိနေတဲ့အတွက် အဆိုတင်သွင်းရခြင်း ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ရခိုင်ပြည်နယ်အတွင်း မောင်တောတောင်ပိုင်းသည် ပင်လယ်ကမ်းစပ်ဒေသ ဖြစ်သည့်အတွက် ခိုးဝင်ခိုးထွက်များကို ကာကွယ်နိုင်သည့် တစ်ခုတည်းသော နည်းလမ်းသည် ဘင်္ဂါလီများကို နေရာချထားခြင်း မပြုရေးပင် ဖြစ်ကြောင်းနှင့် နိုင်ငံသား မဟုတ်သော ဘင်္ဂါလီများအား လက်ခံမည် ဆိုပါက ပြဿနာ ပြန်လည် ဖြစ်လာနိုင်ကြောင်း သိရသည်။

“တကယ်လို့သာ တရားမဝင်တဲ့ နိုင်ငံသားမဟုတ်တဲ့ ဘင်္ဂါလီတွေကို လက်ခံလိုက်မယ်ဆိုရင် အကြမ်းဖက်မှုတွေ နောက်ထပ်တစ်ခါ ပြန်လည်ဖြစ်လာမယ် ဆိုတာကို ငြင်းလို့မရတဲ့ ကိစ္စရပ်သာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အကြမ်းဖက်မှုတွေမှာလည်း ဒေသခံ တိုင်းရင်းသားတွေဘက်က အကြမ်းဖက် တိုက်ခိုက်ခဲ့တာ မရှိခဲ့ဘူး။ ဘင်္ဂါလီတွေကသာ ရဲကင်းစခန်း ၃၀ ကို တစ်ချိန်တည်း တစ်ပြိုင်တည်း တိုက်ခိုက်ပြီး မြို၊ သက်၊ ဒိုင်းနက်၊ ရခိုင်၊ ဟိန္ဒူလူမျိုးတွေကို သတ်ဖြတ်ခဲ့တာကိုလည်း တွေ့ခဲ့ရတာဟာ ဖုံးကွယ်ထားလို့မရတဲ့ ကိစ္စရပ်တွေသာ ဖြစ်တယ်” ဟု ဦးထွန်းအောင်သိန်းက ပြောကြားသည်။

 

Most Read

Most Recent