သြင်္ကန်ကာလ နီးကပ်လာပြီ ဖြစ်သော်လည်း ရန်ကုန်မြို့တွင် စီးပွားဖြစ် သြင်္ကန်မဏ္ဍပ် တည်ဆောက်ခွင့် လက်မှတ် လာရောက်ထုတ်ယူသူ ၁၃ ဦးသာရှိ

သြင်္ကန်ကာလ နီးကပ်လာပြီ ဖြစ်သော်လည်း ရန်ကုန်မြို့တွင် စီးပွားဖြစ် သြင်္ကန်မဏ္ဍပ် တည်ဆောက်ခွင့် လက်မှတ် လာရောက်ထုတ်ယူသူ ၁၃ ဦးသာရှိ
Published 7 April 2018

ယခုနှစ်သြင်္ကန်အတွက် ပြည်လမ်းတွင် တည်ဆောက်နေသည့် စီးပွားဖြစ်မဏ္ဍပ် တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ- သီဟအောင်)

သြင်္ကန်နား နီးကပ်လာပြီ ဖြစ်သော်လည်း ရန်ကုန်မြို့တွင် သြင်္ကန်မဏ္ဍပ် တည်ဆောက်ခွင့်လက်မှတ် လာရောက် ထုတ်ယူသူ ၁၃ ဦးသာ ရှိသေးကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) မှ လက်ထောက်အင်ဂျင်နီယာ ဦးသန်းဟုတ်က ပြောကြားသည်။

“ယနေ့အထိတော့ မဏ္ဍပ်တည်ဆောက်ခွင့်အတွက် လက်မှတ်လာရောက် ထုတ်တဲ့သူက ၁၃ ဦးပဲရှိသေးတယ်။ လျှောက်ထားတာကတော့ ၆၉ ဦးရှိတယ်။ ပါမစ်ထုတ်ပေးထားတဲ့သူက ၁၃ ဦးပေါ့” ဟု ဦးသန်းဟုတ်က ပြောကြားသည်။

မဏ္ဍပ်တည်ဆောက်ခွင့် လက်မှတ်များအား ဧပြီ ၁၀ ရက် နောက်ဆုံးထား လာရောက် ထုတ်ယူရမည်ဖြစ်ပြီး လာရောက် ထုတ်ယူခြင်း မပြုသူများ အနေဖြင့် မဏ္ဍပ်တည်ဆောက်ခွင့် ရရှိမည် မဟုတ်ကြောင်း သိရသည်။

၂၀၁၈ ခုနှစ် မြန်မာ့ရိုးရာ သြင်္ကန်မဏ္ဍပ်များ စားရင်းချုပ်သည် ပြည်လမ်းတွင် မဏ္ဍပ်ကြီး ခုနစ်ခု၊ မဏ္ဍပ်လတ် လေးခု၊ ဌာနဆိုင်ရာ မဏ္ဍပ် ၃၂ ခု၊ ဝေဇယန္တာလမ်းတွင် မဏ္ဍပ်ကြီးလေးခု၊ အရှေ့မြင်းပြိုင်ကွင်းလမ်းတွင် မဏ္ဍပ်ကြီးတစ်ခု၊ တက္ကသိုလ်ရိပ်သာလမ်းတွင် မဏ္ဍပ်ကြီးလေးခု၊ မဏ္ဍပ်လတ်တစ်ခု၊ မင်းဓမ္မလမ်းတွင် မဏ္ဍပ်ကြီးတစ်ခု၊ အနော်ရထာလမ်းတွင် မဏ္ဍပ်ကြီးတစ်ခု၊ မဏ္ဍပ်လတ်တစ်ခု၊ ကုန်သည်လမ်းတွင် မဏ္ဍပ်ကြီးတစ်ခု၊ ပါရမီလမ်းတွင် မဏ္ဍပ်လတ်နှစ်ခု၊ အင်းစိန်လမ်းတွင် မဏ္ဍပ်လတ်တစ်ခု၊ စက်မှု (၁) လမ်းတွင် မဏ္ဍပ်လတ်နှစ်ခု၊ ကန်တော်ကြီးပန်းခြံတွင် စတုဒီသာနှင့် လမ်းလျှောက်သြင်္ကန်နှစ်ခု၊ ဦးဥတ္တမပန်းခြံတွင် စတုဒိသာနှင့် လမ်းလျှောက်သြင်္ကန်တစ်ခု၊ မဟာဗန္ဓုလပန်းခြံတွင် စတုဒိသာနှင့် လမ်းလျှောက်သြင်္ကန် တစ်ခုတို့ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ယခုနှစ်တွင် မဏ္ဍပ်တည်ဆောက်မည့်သူများ အနေဖြင့် လိုက်နာရမည့် အချက်များသည် သတ်မှတ်ခွင့် ပြုပေးသည့်နေရာ၊ သတ်မှတ်ခွင့်ပြုပေးသည့် အတိုင်းအတာ အတိုင်းသာ ဆောက်လုပ်ရမည်ဖြစ်ပြီး ခွင့်ပြုသည့် နေရာမှ ကျော်လွန်၍ လည်းကောင်း၊ ရွှေ့ပြောင်း၍လည်းကောင်း၊ ဆောက်လုပ်ခွင့် မပြုကြောင်း၊ လိုက်နာဆောင်ရွက်ခြင်း မရှိပါက မဏ္ဍပ်ဆောက်လုပ်ခွင့်အား ပြန်လည်ရုပ်သိမ်းသွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မဏ္ဍပ်ဆောက်လုပ်ရန်အတွက် ခွင့်ပြုချက်ရရှိသူမှ အခြားသူများကို ငှားရမ်းခြင်း၊ လွှဲပြောင်းရောင်းချခြင်း လုံးဝမပြုလုပ်ရန်နှင့် လျှောက်ထားသူကိုယ်တိုင် ဆောက်လုပ်အသုံးပြုရန် ဖြစ်ကြောင်း၊ လိုက်နာမှုမရှိပါက မူလခွင့်ပြုချက် ရရှိထားသော ပိုင်ရှင်မှ ၎င်းပေးသွင်းထားသည့် စပေါ်ငွေအနက် မဏ္ဍပ်ကြီးအတွက် ကျပ်သိန်း ၅၀ ကိုလည်းကောင်း၊ မဏ္ဍပ်အလတ်အတွက် ကျပ်သိန်း ၃၀ ကိုလည်းကောင်း ဒဏ်ကြေးအဖြစ် ပေးဆောင်ရမည် ဖြစ်ကြောင်း သိရသည်။

သြင်္ကန်မဏ္ဍပ် ဆောက်လုပ်ခြင်းကြောင့် လမ်းသား၊ စြင်္ကန်နှင့် ရေမြောင်းများ ပျက်စီးမှု ဖြစ်ပေါ်ပါက ပြန်လည်ပြင်ဆင်ရန်အတွက် ပျက်စီးမှု အတိုင်းအတာအလိုက် ကျသင့်တန်ဖိုးငွေအား ပေးသွင်းထားရှိသည့် စပေါ်ငွေမှ အင်ဂျင်နီယာ (လမ်းနှင့် တံတား) သို့ ပေးသွင်းရမည် ဖြစ်ကြောင်း၊ မဏ္ဍပ်ဆောက်လုပ်ခွင့်ပြုရန် လျှောက်ထားသူသည် သြင်္ကန်အပြီး ငါးရက်တွင် မဏ္ဍပ်များကို ပတ်ဝန်းကျင်ကို မထိခိုက်စေဘဲ သပ်ရပ်စွာ အပြီးအစီး ဖျက်သိမ်းပေးရမည်ဖြစ်ကြောင်း၊ နောက်ကျပါက တစ်ရက်လျှင် ဒဏ်ကြေးကျပ် ငါးသိန်း နေ့စဉ် ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

မဏ္ဍပ်ဆောက်လုပ်မှုအား သြင်္ကန်အကြိုနေ့မတိုင်မီ သုံးရက်ခန့် အလိုတွင် မဏ္ဍပ်များအား အပြီးဆောက်လုပ်ရမည် ဖြစ်ကြောင်း၊ မဏ္ဍပ်များ ဆောက်လုပ်မှုကို မဏ္ဍပ်ကြံ့ခိုင်မှု စစ်ဆေးရေးကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုနှင့်အညီ ဆောက်လုပ်ရမည် ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent