ပြည်-ပေါက်ခေါင်း-တောင်ငူ လမ်းပိုင်းတွင် ပါဝင်သော သရေခေတ္တရာ ပျူမြို့ဟောင်းမြောက်ဘက် မြို့ရိုးပေါ်ရှိလမ်းပိုင်း ပြင်ဆင်တိုးချဲ့ခြင်း လုပ်ငန်းကို ရှေးဟောင်းသုတေသန ဌာနက ကန့်ကွက်မှုကြောင့် ရပ်ဆိုင်းထား

ပြည်-ပေါက်ခေါင်း-တောင်ငူ လမ်းပိုင်းတွင် ပါဝင်သော သရေခေတ္တရာ ပျူမြို့ဟောင်းမြောက်ဘက် မြို့ရိုးပေါ်ရှိလမ်းပိုင်း ပြင်ဆင်တိုးချဲ့ခြင်း လုပ်ငန်းကို ရှေးဟောင်းသုတေသန ဌာနက ကန့်ကွက်မှုကြောင့် ရပ်ဆိုင်းထား
Published 7 April 2018

သရေခေတ္တရာပျူမြို့ဟောင်း မြောက်ဘက်မြို့ရိုးပေါ်ရှိ လမ်းပိုင်းကို ပြင်ဆင်တိုးချဲ့ထားမှုများနှင့် ကွင်းဆင်းကြည့်ရှုနေသည့် ရှေးဟောင်းသုတေသနဌာန တာဝန်ရှိသူများအား ဧပြီ ၆ ရက်က တွေ့ရစဉ်

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ပြည်-ပေါက်ခေါင်း-တောင်ငူလမ်းပိုင်းတွင် ပါဝင်သော သရေခေတ္တရာ ပျူမြို့ဟောင်း မြောက်ဘက်မြို့ရိုးပေါ်ရှိ လမ်းပိုင်းအား ပြင်ဆင်တိုးချဲ့ခြင်း လုပ်ငန်းများကို ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ကမ္ဘာ့အမွေအနှစ်ဌာန သရေခေတ္တရာဌာနစုက ကန့်ကွက်မှုကြောင့် ရပ်ဆိုင်းထားရကြောင်း သိရသည်။

ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပျူမြို့ဟောင်းတစ်မြို့ဖြစ်သည့် ပြည်မြို့နယ်အတွင်းရှိ သရေခေတ္တရာ ပျူမြို့ဟောင်း မြောက်ဘက်မြို့ရိုးပေါ် နဂါးတွန့်တံခါးမှ ကုန်းရိုးတွင်းဗြဲအထိ တစ်မိုင်ခန့် ရှည်လျားသောလမ်းကို လွန်ခဲ့သည့်နှစ်ပေါင်း ၁၀၀ ခန့်က အင်္ဂလိပ်ခေတ်က ဖောက်လုပ်ခဲ့ပြီး လမ်းအပေါ်ယံပြင်ဆင်ခြင်းနှင့် လမ်းပခုံးသားများ ချဲ့ထွင်ခြင်းလုပ်ငန်းများကို ရပ်တန့်ထားရန် ကန့်ကွက်ခဲ့ခြင်းဖြစ်ပြီး ဧပြီ ၂ ရက်က တရားဝင်စာဖြင့် ပေးပို့ကန့်ကွက်ခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ကမ္ဘာ့အမွေအနှစ်ဌာန သရေခေတ္တရာဌာနစုက သိရသည်။

“ကမ္ဘာ့အမွေအနှစ်ဒေသတွေ ဖွံ့ဖြိုးရေးလုပ်တဲ့အခါမှာ ယဉ်ကျေးမှု အမွေအနှစ်တွေကို ထိခိုက်မှု ဘယ်လောက်ဆိုးကျိုး ဖြစ်စေလဲဆိုတဲ့ ဆန်းစစ်ချက်တွေ လုပ်တဲ့အခါမှာ ယူနက်စကိုကနေ ငှားထားတဲ့ HIA ပညာရှင်တွေက အလုပ်ရုံဆွေးနွေးပွဲ သုံးရက်တာလုပ်တယ်။ အဲဒီမှာ ဒီမြို့ရိုးကြီးကို ဒီအတိုင်း ထိန်းသိမ်းထားသင့်တယ်။ ဒီထက်ချဲ့ခြင်း အဆင့်မြှင့်ခြင်းကို လုပ်လို့မရပါဘူး။ ပြင်ဆင်ဖို့ရတယ်။ ပြင်တာမှာလည်း လမ်းပေါက်နေတာ ဖာတာတို့လောက်ပဲရမယ်။ နောက်တစ်ခု ဒီလမ်းကြီးသည် ဒေသကုန်ထုတ်လမ်းကား သေးလေးတွေပဲ သွားလာဖို့ အကြံပေးတယ်။ နောက်လမ်းလွှဲဖို့ ဒီမြို့ရိုးပေါ်ကနေ လမ်းလွှဲဖို့ လွှဲတာကလည်း ဘာမှခဲယဉ်းတာ မဟုတ်ပါဘူး။ ပေါက်ခေါင်း-ပြည် ရထားလမ်းရှိတယ်။ အခုမသုံးတော့ဘူး။ ရထားသံလမ်းတောင် ဖြုတ်ပြီး ဖြစ်တယ်။  ဒီနေရာကို အသုံးပြုရင်ဖြစ်နိုင်တယ် ဆိုတာကို အကြံပေးသွားတာ ရှိပါတယ်” ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ကမ္ဘာ့အမွေအနှစ်ဌာနခွဲ သရေခေတ္တရာဌာနစု ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက ပြောကြားသည်။

အဆိုပါ လမ်းပိုင်းပြုပြင်တိုးချဲ့မှုကို ၂၀၁၅ ခုနှစ်ခန့်ကတည်းက ကန့်ကွက်ထားပြီး ဖြစ်ကာ အစည်းအဝေးများတွင်လည်း ပြောဆိုကန့်ကွက်မှုများရှိကြောင်း နောက်ဆုံးကန့်ကွက်စာကို ဧပြီ ၂ ရက်က လမ်းဦးစီးဌာနသို့ ပေးပို့ထားကြောင်း၊ ကန့်ကွက်ရာတွင် ယင်းလမ်းပိုင်းအားပြင်ဆင်မှုကို သတ်မှတ်နေရာ များပြသကာ ခွင့်ပြုခဲ့သော်လည်း ကျော်လွန်၍ ယန္တရားများဖြင့်ပြင်ဆင်ခြင်း မြို့ရိုးဗဟိုပြုကာ လမ်းတစ်ဖက်တစ်ချက် ရှစ်ပေခန့် မြေသားပေါင်များ ချဲ့ခြင်းကိုတွေ့ရှိရ၍ ဆက်လက်မပြုပြင်ရန်နှင့် ပြုပြင်ပါက တည်ဆဲဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း အကြောင်းကြားထားပြီး သရေခေတ္တရာ စောင့်ရှောက်ရေးအဖွဲ့နှင့် ဒေသခံအချို့ကလည်း ကန့်ကွက်ထားကြောင်း ဦးကျော်မျိုးဝင်းက ဆက်လက်ပြောကြားသည်။

“အဓိကကတော့ ကျွန်တော်တို့ဌာနဆိုင်ရာတွေ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မှုပါပဲ။ အဲဒီအခါကျတော့ အရမ်းအားနည်းဆိုတာကို တွေ့ရတယ်။ တစ်ဖက်ကလည်း အစိုးရရဲ့လုပ်ငန်းတစ်ခုကို အကောင်ထည် ဖော်တာပဲလေ။ နောက်တစ်ခုက ကမ္ဘာ့အမွေအနှစ်ရဒေသဟုတ်တယ်။ ကမ္ဘာ့ရှေးဟောင်း အမွေနှစ်ရ ဒေသတွေမှာဆိုရင် အမွေအနှစ်ကို ထိခိုက်ပျက်စီးသွားနိုင်တဲ့ ပမာဏထက် အကျိုးရှိတဲ့ ပမာဏကို နိုင်းယှဉ်ရမယ်။ အကျိုးရှိတာ အရမ်းများပြီး ထိခိုက်တဲ့ပမာဏ နည်းတယ်ဆိုရင် အဲလုပ်ငန်း လုပ်လို့ရတယ်။ လုံးလုံးမလုပ်ရဘူးဆိုတာ မဟုတ်ဘူး။ ယူနက်စကိုက ပညာရှင်တွေလာပြီး ရှင်းပြတဲ့ အခါမှာလည်း ဒီဟာကိုပြောတယ်။ နှစ်စဉ်လမ်းကျဉ်းတဲ့အတွက်ကို ယာဉ်တိုက်မှု မကြာခဏ ဖြစ်နေတဲ့နေရာမှာ လမ်းပခုံးက ချဲ့ကိုချဲ့ရမယ်၊ ရှေးဟောင်း အမွေအနှစ် ထိခိုက်သွားနိုင်တဲ့ ပမာဏရှိရင် ရှေးဟောင်း တကယ်ကျွမ်းကျင်သူတွေက ဒါကိုလာရောက်ကြီးကြပ် ဆောင်ရွက်ပေးသင့်တယ်။ လုံးဝမလုပ်ရဘူးဆိုတာ မဟုတ်ဘူး။ ထိခိုက်မှု အနည်းဆုံးနဲ့ အကျိုးရှိမှု အများဆုံးကို ရွေးချယ်ပြီးတော့ လုပ်ကြရမှာပေါ့လေ။ အဖြေရှာရမယ် အဓိကက ပူးပေါင်းဆောင်ရွက်မှု အားနည်းတာကို သွားတွေ့ရတယ်” ဟု ပြည်မြို့နယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောကြားသည်။

အဆိုပါ လမ်းပိုင်းအတွင်း ယာဉ်တိုက်မှု မကြာခဏ ဖြစ်ပွားနေသည့်အတွက် ကိုယ်စားလှယ်များနှင့် ပြည်သူများက လုပ်စေချင်ကြောင်း၊ လမ်းဦးစီးဌာန အနေဖြင့် ဘတ်ဂျက်ငွေဖြင့်မဟုတ်ဘဲ တင်ဒါအောင်သည့် လုပ်ငန်းရှင်များကို အကူအညီတောင်းကာ လုပ်ခဲ့ခြင်းဖြစ်ကြောင်း တားမြစ်သည့်အတွက် ရပ်ဆိုင်းထားကြောင်း လမ်းဦးစီးဌာန ပြည်မြို့နယ်ဦးစီးအရာရှိ မြို့ပြအင်ဂျင်နီယာ ဒေါ်စောသဉ္ဇာမင်းက ပြောကြားသည်။

 

Most Read

Most Recent