၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် မတ်လတတိယပတ်အထိ နိုင်ငံပေါင်း ၅၇ နိုင်ငံသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၃ ဒသမ ၅ သန်းကျော်တင်ပို့ပြီး ယင်း၏ ထက်ဝက်နီးပါးခန့်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ တင်ပို့ခဲ့ခြင်းဖြစ်

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် မတ်လတတိယပတ်အထိ နိုင်ငံပေါင်း ၅၇ နိုင်ငံသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၃ ဒသမ ၅ သန်းကျော်တင်ပို့ပြီး ယင်း၏ ထက်ဝက်နီးပါးခန့်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ တင်ပို့ခဲ့ခြင်းဖြစ်
Published 7 April 2018

ဘုရင့်နောင်ရှိ ဆန်ပွဲရုံတစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် မတ်လ တတိယပတ်အထိ နိုင်ငံပေါင်း ၅၇ နိုင်ငံသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် ၃ ဒသမ ၅ သန်းတင်ပို့မှုမှ ဒေါ်လာ ၁ ဒသမ ၁၁ ဘီလျံကျော်အထိ ရရှိထားပြီး တင်ပို့မှု၏ ထက်ဝက်နီးပါးခန့်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ တင်ပို့ထားခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ သိရသည်။

၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ မတ်၂၃ ရက်အထိ နိုင်ငံပေါင်း ၅၇ နိုင်ငံသို့ ဆန်တန်ချိန်၂၈၈၉၃၁၇ ဒသမ ၄၂၂ တန် တင်ပို့မှုမှ ဒေါ်လာ ၉၅၃ ဒသမ ၇၀၄ သန်းကို လည်းကောင်း၊ နိုင်ငံပေါင်း ၃၃ နိုင်ငံသို့ ဆန် ကွဲတန်ချိန် ၆၂၀၆၉၆ ဒသမ ၂၄၅ တန်တင်ပို့ မှုမှ ဒေါ်လာ ၁၆၀ ဒသမ ၀၉၇ သန်းကိုလည်းကောင်း၊ ဆန်နှင့်ဆန်ကွဲ တန်ချိန် ၃၅၁၀၀၁၃ ဒသမ ၆၉၇ တန်တင်ပို့မှုမှ ဒေါ်လာ ၁၁၁၃ ဒသမ ၈၀၁ သန်းရရှိထားသည်။

ယခုနှစ်အတွင်း နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများမှ ဆန်တင်ပို့မှုအနေဖြင့်   တန် ၁၈၁၁၇၄၇ ဒသမ ၆၂၇ တန်တင်ပို့မှုမှ ဒေါ်လာ ၆၀၇ ဒသမ ၂၀၃ သန်းကိုလည်းကောင်း၊ ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ  ၁၆၉၈၂၆၆ ဒသမ ၀၇၀ တန်တင်ပို့မှုမှ ဒေါ် လာ ၅၀၆ သန်းကျော်ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တင်ပို့မှု တွင် ယခင်နှစ်များက နယ်စပ်ကုန်သွယ်မှုမှ ဆန်တင်ပို့မှုမှာ စုစုပေါင်းတင်ပို့မှု၏ ရာခိုင်နှုန်း ၇၀ ကျော်အထိ များပြားခဲ့ပြီး ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှာရာခိုင်နှုန်း ၃၀ ခန့် သာ တင်ပို့နိုင်ခဲ့သည်။

ယခုနှစ်အတွင်းတွင်မူ ပြည်ပဈေးကွက်သစ်များ တိုးချဲ့ရရှိမှုတို့ကြောင့် ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဆန်တင်ပို့မှုမှာ ယခင်နှစ်များထက် မြင့်တက်လာပြီး စုစုပေါင်းဆန်တင်ပို့မှု၏ ၄၈ ရာခိုင်နှုန်းအထိ ရှိလာခဲ့သည်။

မြန်မာ့ဆန်စပါးကဏ္ဍအတွက် ဦးစားပေးဆောင်ရွက်မည့် ရည်မှန်းချက်အရ လာမည့်သုံးနှစ်အတွင်း ဆန်တန်ချိန် လေးသန်းအထိ ပြည်ပသို့ တိုးမြှင့်တင်ပို့နိုင်ရန် ရည်မှန်းထားပြီး ဝင်ငွေ ဒေါ်လာ ၁ဒသမ၅ ဘီလျံ အထိရရှိနိုင်ကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ သိရသည်။

ပြည်ပသို့ ဆန်ပိုမိုတင်ပို့နိုင်ရန်အတွက် နိုင်ငံတကာဈေးကွက်များကို ပိုမိုရှာဖွေခဲ့ပြီး လက်ရှိ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် နိုင်ငံပေါင်း ၆၂ နိုင်ငံအထိ တိုးချဲ့နိုင်ခဲ့ကြောင်း၊ ယခင်ဘဏ္ဍာနှစ်များထက် နိုင်ငံပေါင်း ၂၂ နိုင်ငံကို တိုးချဲ့ကာတင်ပို့နိုင်ခဲ့ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာနမှ သိရသည်။

ယင်းကဲ့သို့ နိုင်ငံတကာဈေးကွက်များကို ပိုမိုရှာဖွေထားနိုင်သည့်အတွက် လာမည့်ဘဏ္ဍာနှစ်များတွင် ပြည်ပသို့ ဆန်တင်ပို့နိုင်မည့်အခြေအနေကောင်းများရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောကြားထားသည်။

မြန်မာနိုင်ငံ၏ဆန်တင်ပို့မှုတွင် လွတ်လပ်ရေးခေတ်နှင့် လွတ်လပ်ရေးနှောင်းပိုင်းကာလများအတွင်း ပြည်ပသို့ ဆန်တန်ချိန် အများ ဆုံးတင်ပို့ထားသည့်  ၁၉၅၆၊ ၁၉၅၉ နှင့် ၁၉၆၀ ခုနှစ်များတွင် ဆန်တန်ချိန် တစ်သန်းသာ တင်ပို့ခဲ့ခြင်းရှိကြောင်း မြန်မာ နိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

Most Read

Most Recent