မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ JICA ၏ နှစ်ဆင့်သွားချေးငွေအစီအစဉ်ဖြင့် လယ်ယာသုံးစက်ကိရိယာများသာမက မျိုးစေ့သန့်စင်စက်၊ အခြောက်ခံစက်၊ ဆန်စက်နှင့်ဆီစက်များ တည်ဆောက်ရန်ကိုလည်း တိုးချဲ့ထုတ်ချေးမည်

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ JICA ၏ နှစ်ဆင့်သွားချေးငွေအစီအစဉ်ဖြင့် လယ်ယာသုံးစက်ကိရိယာများသာမက မျိုးစေ့သန့်စင်စက်၊ အခြောက်ခံစက်၊ ဆန်စက်နှင့်ဆီစက်များ တည်ဆောက်ရန်ကိုလည်း တိုးချဲ့ထုတ်ချေးမည်
Published 7 April 2018

မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ ဂျပန်နိုင်ငံ JICA ၏ နှစ်ဆင့်သွားချေးငွေ အစီအစဉ်ဖြင့် လယ်ယာသုံး စက်ကိရိယာများသာမက မျိုးစေ့သန့်စင်စက်၊ အခြောက်ခံစက်၊ ဆန်စက်နှင့်ဆီစက်များ တည်ဆောက်နိုင်ရန်လည်း တိုးချဲ့ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ဧပြီ ၅ ရက်က ပြုလုပ်သည့် တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့ စုံညီအစည်းအဝေးတွင် ဦးဆောင်အဖွဲ့အဖွဲ့ခေါင်းဆောင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သိရသည်။

ဂျပန်နိုင်ငံ JICA ၏နှစ်ဆင့်သွား ချေးငွေအစီအစဉ်ဖြင့်လယ်ယာသုံး စက်ကိရိယာများ တိုးတက်သုံးစွဲနိုင်ရန် ရည်ရွယ်ချက်ဖြင့် ၂၀၁၇-၂၀၁၈ ခုနှစ်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၀ ခု၊ မြို့နယ် ၆၀ ၊ တောင်သူ၂၅၈ ဦးအတွက် ထွန်စက်၊ ရိတ် သိမ်းခြွေလှေ့စက်၊ ထော်လာဂျီ၊ လက်တွန်းထွန်စက် စုစုပေါင်း ၂၅၈ စီးအတွက် ငွေကျပ် ၉၀၈၂ ဒသမ ၂၁ သန်းကို မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်က ထုတ်ချေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ထို့ပြင် လယ်ယာသုံး စက်ကိရိယာများသာမက မျိုးစေ့သန့်စင်စက်၊ အခြောက်ခံစက်၊ ဆန်စက်နှင့်ဆီစက်များ တည်ဆောက်နိုင်ရန်လည်း တိုးချဲ့ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်း ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားသည်။

စပါးဈေးကောင်း ရချိန်စောင့်၍ ရောင်းချနိုင်ရေးအတွက် ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် သိုလှောင်ရုံများ တည်ဆောက်နိုင်ရန်အတွက် ဆန်စပါးကဏ္ဍအတွက်  လျာထားပေးသော SMEချေးငွေ ကျပ် ၆၀ ဘီ လျံအနက်မှ ၂၀၁၈ ခုနှစ်တွင် ကျပ် ၁၅ ဘီလျံ လျာထားပေးရန်အတွက် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က ဧပြီ ၂ ရက်က ပြုလုပ်သည့် ဒုတိယသမ္မတ-၁ နှင့် လုပ်ငန်းရှင်များ(၁၆) ကြိမ်မြောက် တွေ့ဆုံပွဲတွင် တင်ပြထားသည်။

စပါးပေါ်ချိန်တွင် ဈေးအလွန်အမင်း ကျဆင်းမှုမှ ကာကွယ်တားဆီးနိုင်ရန် နိုင်ငံအများစုတွင်ဆောင်ရွက်သည့် ဈေးကျချိန်တွင်ရောင်းရန်မလိုဘဲ ဈေးတက်ချိန် စောင့်ရောင်းနိုင်သည့် သိုလှောင်ရုံကုန်အပ်လက်မှတ်ကို အခြေခံပြီး ချေးငွေထုတ်ပေးသည့်စနစ် (Warehouse Receipt Financing System) ကို စနစ်တကျ စတင်ဆောင်ရွက်နိုင်ရန် ပြင်ဆင်ဆောင်ရွက်ပေးရေးကို နိုင်ငံတော်အစိုးရထံ တင်ပြထားကြောင်း  မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

ပြည်ပသို့ ဆန်တင်ပို့ရာတွင် နိုင်ငံတကာ ပေါက်ဈေးမြင့်နေချိန်ကို အချိန်ကိုက်၍ ရောင်းနိုင်ခြင်းဖြင့် ပို့ကုန်ဝင်ငွေ ပိုမိုရရှိနိုင်သည့်အချက်ကို ဦးစားပေးဖော်ဆောင်ရန် လိုအပ်နေကြောင်း သိရသည်။

စပါးပေါ်ချိန်တောင်သူများထံ ငွေလုံးငွေရင်းများဖြင့် ဈေးကောင်းပေးဝယ်ယူနိုင်ရန်အတွက် ဆန်စက်ပိုင်ရှင်များ၊ ဆန်ကုန်သည်နှင့် Exporter များအား ချေးငွေထုတ်ပေးနိုင်မည့်စနစ်တစ်ခု စဉ်းစားသုံးသပ်ပေးရန် အစိုးရထံအကြံပြုတင်ပြထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

Most Read

Most Recent