ပြည်တွင်းဘဏ် ၂၄ ခု၏ ပိုင်ဆိုင်မှုအချိုးအရ ထိပ်တန်းဘဏ် ၁၀ ခုတွင် ထိပ်တန်းသုံးဘဏ်၊ အလယ်အလတ် သုံးဘဏ်နှင့် အလယ်အလတ်အဆင့်အောက် လေးဘဏ်ရှိဟုဆို

ပြည်တွင်းဘဏ် ၂၄ ခု၏ ပိုင်ဆိုင်မှုအချိုးအရ ထိပ်တန်းဘဏ် ၁၀ ခုတွင် ထိပ်တန်းသုံးဘဏ်၊ အလယ်အလတ် သုံးဘဏ်နှင့် အလယ်အလတ်အဆင့်အောက် လေးဘဏ်ရှိဟုဆို
Published 7 April 2018

ပြည်တွင်းဘဏ် ၂၄ ခုအနက် စုစုပေါင်းပိုင်ဆိုင်မှုအချိုး ၄၂ ရာခိုင်နှုန်းဖြင့် ထိပ်ဆုံးတွင်ရှိနေသည့် ကမ္ဘောဇဘဏ်၏ ဘဏ်ခွဲတစ်ခုမှ ဝန်ဆောင်မှုပေးနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)

ပြည်တွင်းဘဏ် ၂၄ ခု၏ ပိုင်ဆိုင်မှုအချိုးအရ ထိပ်တန်းဘဏ် ၁၀ ခုတွင် ထိပ်တန်းဘဏ်သုံးဘဏ်၊ အလယ်အလတ်အဆင့် သုံးဘဏ်နှင့် အလယ်အလတ်အဆင့်အောက် ဘဏ်လေးခုတို့ရှိနေကြောင်း ရန်ကုန်စတော့အိတ်ချိန်းမှ ထုတ်ပြန်သည့် မြန်မာ့ကူးသန်းရောင်းဝယ်ရေးဘဏ်များ၏ အနာဂတ် အလားအလာ အစီရင်ခံစာတွင် ဖော်ပြထားမှုအရ သိရသည်။

ပြည်တွင်းဘဏ် ၂၄ ခုအနက်ကမ္ဘောဇဘဏ်မှာ စုစုပေါင်းပိုင်ဆိုင်မှုအချိုး ၄၂ ရာခိုင်နှုန်းဖြင့် ထိပ်ဆုံးတွင်ရှိနေပြီး ဒုတိယနေရာတွင် ရှိနေသည့် ဧရာဝတီဘဏ်ထက် ပိုင်ဆိုင်မှု ၂၄ ရာခိုင်နှုန်းကွာဟနေကာ တတိယနေရာတွင် ရှိနေသည့် သမဝါယမဘဏ်ထက် ၃၂ ရာခိုင်နှုန်း သာလွန်နေကြောင်း သိရသည်။

ထိုသို့ မြန်မာ့ကူးသန်းရောင်းဝယ်ရေးဘဏ်များ၏ ပိုင်ဆိုင်မှုအချိုးပမာဏကို တိုင်းတာရာတွင် ချေးငွေထုတ်ပေးနိုင်စွမ်းနှင့် တိုက်ရိုက်ဆက်စပ်နေပြီး “ချေးငွေများများ ထုတ်ပေးနိုင်လေ အမြတ်အစွန်း ပိုမိုရရှိလေ” ဖြစ်နေသည်ကို ကမ္ဘောဇဘဏ်ကို လေ့လာခြင်းဖြင့် သိရှိရသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဘဏ်များ၏ ပိုင်ဆိုင်မှုအချိုးတွင် ထူးခြားချက်အနေဖြင့် တတိယနေရာမှ သမဝါယမဘဏ်နှင့် စတုတ္ထနေရာရှိ မြဝတီဘဏ် နှင့် ဆဋ္ဌမနေရာနှင့် သတ္တမနေရာမှ ဘဏ်တို့အကြား ပိုင်ဆိုင်မှုအချိုးတွင် ကွာဟနေပြီး အဆင့်သုံးရှိသော သမဝါယမဘဏ်နှင့် အဆင့်လေးနေရာရှိ မြဝတီဘဏ်တို့အကြား လေးရာခိုင်နှုန်းမျှသာ ကွာဟနေခြင်းနှင့် အဆင့်ငါးနေရာရှိ ရိုးမဘဏ်နှင့် အဆင့် ခုနစ်နေရာရှိ UAB ဘဏ်တို့မှာ ၀ ဒသမ ၃ ရာခိုင်နှုန်းမျှသာ ကွာဟနေမှုရှိနေပြီး အဆိုပါအချက်များကို အခြေခံစဉ်းစားပါက မြန်မာနိုင်ငံ၏ ထိပ်တန်းဘဏ် ၁၀ ခုမှာ ထိပ်တန်းဘဏ်သုံးဘဏ်၊ အလယ်အလတ်အဆင့်သုံးဘဏ်နှင့် အလယ်အလတ်အဆင့်အောက်ဘဏ် လေးခုတို့ ရှိနေသည်ဟု အစီရင်ခံစာတွင် သုံးသပ်ထားသည်။

ကောင်းမွန်ခိုင်မာသော ဘဏ်တစ်ခု၏ စွမ်းဆောင်ချက်များမှာ ပိုင်ဆိုင်မှုအချိုးနှင့် အမြတ်အစွန်းတို့ကို တိုးပွားများလာအောင် စီမံခန့်ခွဲနိုင်စွမ်းရှိရမည်ဖြစ်ပြီး ဆုံးရှုံးနိုင်ခြေရှိသည့် အခြေအနေများကိုလည်း အ တတ်နိုင်ဆုံးနည်းပါးနိုင်အောင် လုပ်ဆောင်မည်ဆိုသည့်အချက်များမှာ အဓိကဖြစ်ပြီး ဥပမာအားဖြင့် ကူးသန်းရောင်းဝယ်ရေးဘဏ်များသည် ဘဏ်အပ်ငွေများကို မည့်ကဲ့သို့ ပိုမိုရရှိအောင်လုပ်မည်၊ ဆုံးရှုံးနိုင်ခြေနည်းပါးသည့် စီးပွားရေးလုပ်ငန်းများသို့ ချေးငွေ ထုတ်ချေးပေးခြင်းနှင့် စီမံခန့်ခွဲမှုအသုံး စရိတ်များကို စိစစ်လုပ်ဆောင်ခြင်းများကို လုပ်ဆောင်ရမည်ဖြစ်ကြောင်း သုံးသပ်ထားသည်။

ပြည်တွင်းဘဏ်များတွင် အများပြည်သူငွေအပ်နှံမှု ပမာဏ ကျပ်ဘီလျံ ၃၃၃၀၀ ကျော်ရှိလာပြီး ကျပ်ဘီလျံ ၂၃၃၀၀ ကျော်ကို ပုဂ္ဂလိကဘဏ်များ၌ အပ်နှံထားခြင်းဖြစ်ကာ စုစုပေါင်းငွေအပ်နှံမှုပမာဏမှာ ဂျီဒီပီ (ပြည်တွင်း အသားတင်ကုန်ထုတ်လုပ်မှု တန်ဖိုး) ၏ ၄၄ ရာခိုင်နှုန်းရှိကြောင်း  အပြည်ပြည် ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ မတ်လကုန်ပိုင်းတွင်ထုတ်ပြန်သည့် IMF Article IV Consulation ဆိုင်ရာ အစီရင်ခံစာတွင် မြန်မာအစိုးရထံမှရရှိသောအချက်အလက်များကို ကိုးကား၍ဖော်ပြထားမှုအရ သိရသည်။

ဘဏ်အပ်ငွေများအဖြစ် နိုင်ငံပိုင်ဘဏ်များက ကျပ် ၉၉၇၉ ဘီလျံ (ဘဏ်လုပ်ငန်းတစ်ခုလုံး၏ ၂၈ ရာခိုင်နှုန်း)၊ ပုဂ္ဂလိကဘဏ်များက ကျပ် ၂၃၃၂၄ ဘီလျံ (ဘဏ်လုပ်ငန်းတစ်ခုလုံး၏ ၆၆ ရာခိုင်နှုန်း)၊ နိုင်ငံခြားဘဏ်များက ကျပ် ၂၁၂၀ ဘီလျံ (ဘဏ်လုပ်ငန်းတစ်ခုလုံး၏ ခြောက်ရာခိုင်နှုန်း) ထားရှိထားပြီး ဘဏ်လုပ်ငန်းတစ်ခုလုံးတွင် စုစုပေါင်းအပ်ငွေ ပမာဏ ကျပ် ၃၅၄၂၄ ဘီလျံရှိကြောင်း သိရသည်။

ထို့ပြင် ဘဏ်များမှ ထုတ်ချေးထားသော ချေးငွေပမာဏများမှာ နိုင်ငံပိုင်ဘဏ်များက ကျပ် ၂၂၃၄ ဘီလျံ (ဘဏ်လုပ်ငန်းတစ်ခုလုံး၏ ၁၂ ရာခိုင်နှုန်း)၊ ပုဂ္ဂလိကဘဏ်များက ကျပ် ၁၆၁၅၅ ဘီလျံ (ဘဏ်လုပ်ငန်း တစ်ခုလုံး၏ ၈၆ ရာခိုင်နှုန်း)၊ နိုင်ငံခြားဘဏ်များက ကျပ် ၃၂၇ ဘီလျံ (ဘဏ်လုပ်ငန်းတစ်ခုလုံး၏ နှစ်ရာခိုင်နှုန်း) ထုတ်ချေးထားပြီး ဘဏ်လုပ်ငန်းတစ်ခုလုံးတွင် စုစုပေါင်းထုတ်ချေးငွေ ပမာဏ ကျပ် ၁၈၇၁၆ ဘီလျံရှိသည်။

မြန်မာနိုင်ငံ၏ ဂျီဒီပီပမာဏနှင့် နှိုင်းယှဉ်မည်ဆိုပါက  စုစုပေါင်းငွေအပ်နှံမှုပမာဏမှာ ဂျီဒီပီ၏ ၄၄ ရာခိုင်နှုန်း၊ စုစုပေါင်းပိုင်ဆိုင်မှုပမာဏမှာ ဂျီဒီပီ၏ ၆၁ ရာခိုင်နှုန်း၊ စုစုပေါင်းချေးငွေပမာဏမှာ ဂျီဒီပီ၏ ၂၃ ရာ ခိုင်နှုန်းရှိကြောင်း သိရသည်။

Most Read

Most Recent