<

ဟင်္သာတခရိုင်တွင်း စံချိန်တင်ရေကြီးမှု၌ ထိခိုက်မှုများခဲ့သည့် တာတမံနေရာများတွင် မိုးရာသီမတိုင်ခင် ပြင်ဆင်မှုများဆောင်ရွက်

လေးမျက်နှာမြို့နယ် လက်သမားကျေးရွာအနီး ပန်းတာနှင့် မြစ်ကမ်းထိန်းလုပ်ငန်းခွင်အား မတ်လလယ်က တွေ့ရစဉ်

ဟင်္သာတခရိုင်တွင်း စံချိန်တင် ရေကြီးမှု၌ ထိခိုက်မှုများခဲ့သည့် တာတမံအဓိက နေရာများတွင် မိုးရာသီမတိုင်ခင် ပြင်ဆင်မှုများ ဆောင်ရွက်နေကြောင်း သိရသည်။

ဟင်္သာတခရိုင်သည် ဧရာဝတီနှင့် င၀န် မြစ်ရေကြီးမှုဒဏ် နှစ်စဉ်ခံရသည့်ဒေသဖြစ်ပြီး ၂၀၁၅ ခုနှစ်၌ ဟင်္သာတတွင် စံချိန်တင်အ မြင့်ဆုံးရေအမှတ် ရောက်ရှိခဲ့ကာ ၂၀၁၆ ခုနှစ်တွင် ဇလွန်၌ စံချိန်တင် အမြင့်ဆုံးရေအမှတ် ရောက်ရှိခဲ့ကြောင်း သိရသည်။

“ဇလွန်အရှေ့ဘက်ကမ်းတာက ၂၀၁၆ ရေကြီးချိန်မှာ ရေပေါက် ၈၀ ကျော်ပေါက်ခဲ့တယ်။ တာတမံ မကျိုးပေါက်အောင် အဲဒီ့မှာ သုံးရက်၊ သုံးညအတွင်း ဌာနနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး သဲအိတ်တစ်သိန်းခွဲသုံးပြီး ကာကွယ်ခဲ့ရတယ်။ အဲဒီရေကာတာကို မနှစ်က ဦးစားပေးအနေနဲ့ ပြင်ခဲ့ပြီးပါပြီ။ မိုးတွင်းမှာ ရေပေါက်လုံးဝ မပေါက်ခဲ့ဘူး။ နှစ်ပေါင်းများစွာ ရေကြီးမှုနဲ့ တာတမံပေါ် ယာဉ်၊ လူ၊ တိရစ္ဆာန်တို့ သွားလာမှုများတဲ့အတွက် တာထိပ်တွေ နိမ့်နေပါတယ်။ ၂၀၁၀ ACL ရဲ့ ရှိသင့်တဲ့ အတိုင်းအတာအောက်ကို ဇလွန်ဘက်မှာဆိုရင် နှစ်ပေကနေ လေးပေကြား အဆိုးဆုံး နိမ့်နေတယ်။ အဲဒီနေရာက ဧရာဝတီ-ဟင်္သာတတာ တာမိုင် ၁၅/၅ နဲ့ ၃၃/၀ ကြားဖြစ်ပါတယ်။ အဲဒီနေရာကို ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်မှာ ဒီမတ်လကုန်အပြီး ပြင်ဆင်ပြီးပါပြီ။ ဟင်္သာတခရိုင်တွင်း အဆိုးဆုံးနေရာတွေ အားလုံးကို ပြင်ထားပြီးပါပြီ” ဟု ဟင်္သာတခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသာယာက ပြောကြားသည်။

ရေကျချိန် မြေသားကျွံကျကမ်းပြိုပြီး မြစ်ကမ်းပါးနှင့် တာတမံနီးကပ်သည့် လေးမျက်နှာမြို့နယ်၊ လက်သမားရွာအနီး၌ ပန်းတာနှင့် မြစ်ကမ်းထိန်းလုပ်ငန်း ဆောင်ရွက်ထားပြီး တာတမံ အဆင့်မြှင့်တင် ပြုပြင်ခြင်း ဆောင်ရွက်ရန် လိုအပ်သည့် မြန်အောင်တာနှင့် ဧရာဝတီ-ဟင်္သာတတာ၌လည်း မိုးရာသီမတိုင်ခင်အပြီး လုပ်ငန်းများ ဆောင်ရွက်သွားရန်ရှိကြောင်း သိရသည်။

“လေးမျက်နှာမြို့နယ် လက်သမားရွာနားမှာ ပန်းတာနဲ့ မြစ်ကမ်းထိန်းလုပ်ငန်း ဆောင်ရွက်ထားပါတယ်။ အဲဒီနေရာက ရေကျချိန် ကမ်းပါးအက်ကြောင်းဖြစ်ပြီးတော့ မြေသားကျွံကျခဲ့တယ်။ တာနဲ့ ၃၈ ပေပဲ နီးတော့တဲ့အတွက် စိတ်ချရအောင် နောက်ကပန်းတာနဲ့ ရှေ့ကမြစ်ကမ်းထိန်း လုပ်ငန်းကို တစ်ပြိုင်တည်း လုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ မြန်အောင်တာ တာမိုင် ၃၈ ကနေ ၄၁/၄ အထိ တာတမံ အဆင့်မြှင့်တင် ပြုပြင်ခြင်းလုပ်ငန်းကို မိုးမကျခင် မေလကုန်အပြီး ဆောင်ရွက်မှာပါ။ တစ်ချိန်တည်းမှာပဲ ဧရာဝတီ-ဟင်္သာတတာရဲ့ ဟင်္သာတမြို့ ဦးပါရဲ ဘုရားနားကနေ ကမ်းနားကြီးအထိနဲ့ တောင်လုံးစုရွာနားမှာလည်း တာတမံ အဆင့်မြှင့်တင် ပြုပြင်ခြင်း လုပ်ငန်းကို ဆောင်ရွက်မှာပါ” ဟု ဦးသာယာက ဆက်လက် ပြောကြားသည်။

မိုးတွင်းကာလ ရေဘေးမသင့်စေရန် တာတမံများဖြင့် ကာရံထားရသည့် ဟင်္သာတခရိုင်၌ မြို့နယ်ခြောက်မြို့နယ်ရှိပြီး တာတမံ ၁၀ ခု စုစုပေါင်း အလျားတာမိုင် ၂၀၃ မိုင်ရှိကြောင်း သိရသည်။

 

April 6, 2018














Copy Protected by Chetan's WP-Copyprotect.