ဟူးကောင်းဒေသအတွင်း ပြောက်ကျားစစ်ဆင်ရေးနှင့် မိုင်းစစ်ဆင်ရေးများ ပြုလုပ်မည်ဖြစ်သောကြောင့် အဆိုပါဒေသရှိ ရွှေနှင့် ပယင်းတူးဖော်နေကြသူများ ဧပြီ ၁၀ ရက်မှစ၍ အမြန်ဆုံး ထွက်ခွာကြရန် KIA သတိပေး

ဟူးကောင်းဒေသအတွင်း ပြောက်ကျားစစ်ဆင်ရေးနှင့် မိုင်းစစ်ဆင်ရေးများ ပြုလုပ်မည်ဖြစ်သောကြောင့် အဆိုပါဒေသရှိ ရွှေနှင့် ပယင်းတူးဖော်နေကြသူများ ဧပြီ ၁၀ ရက်မှစ၍ အမြန်ဆုံး ထွက်ခွာကြရန် KIA သတိပေး
Published 6 April 2018

ဟူးကောင်းဒေသအတွင်း ပျောက်ကျားစစ်ဆင်ရေးနှင့် မိုင်းစစ်ဆင်ရေးများ ပြုလုပ်မည်ဖြစ်သောကြောင့် အဆိုပါဒေသရှိ ရွှေနှင့် ပယင်းတူးဖော်နေကြသော လုပ်ငန်းရှင်များနှင့် မိဘပြည်သူများအနေဖြင့် အမြန်ဆုံး ထွက်ခွာပေးကြရန် ကချင်လက်နက်ကိုင်အဖွဲ့ (KIA) ၏ အမှတ် (၁၄) တပ်ရင်းရုံးက ဧပြီ ၅ ရက်တွင် သတိပေးကြေညာချက် ထုတ်ပြန်သည်။

ဟူးကောင်းခရိုင် နယ်မြေဒေသအတွင်းရှိ ရှဒူးဂျာဝမ်၊ နန်ဗျူ၊ နန်ကွမ်း၊ တုံမဏီ၊ ဒဂွမ်ချောင်းနှင့် ဒဘာချောင်းဖျားရှိ ရွှေမှော်များနှင့် ပယင်းမှော်များတွင် (ရွှေနှင့်ပယင်း) ခိုးတူး လုပ်ကိုင်နေကြသော လုပ်ငန်းရှင်များ၊ လက်လုပ်လက်စား မိဘပြည်သူများထံသို့ အသိပေး ကြေညာလိုက်ကြောင်း၊ ဟူးကောင်းခရိုင်အတွင်း ဧပြီ ၁၀ ရက်က စတင်ပြီး ပြောက်ကျားစစ်ဆင်ရေးနှင့် မိုင်းစစ်ဆင်ရေးများကို ပြုလုပ်သွားမည်ဖြစ်၍ ရွှေမှော်၊ ပယင်းမှော်များတွင် (ရွှေနှင့်ပယင်း) ခိုးတူးလုပ်ကိုင်နေကြသော မိဘပြည်သူများ မိမိရပ်ရွာသို့ အမြန်ဆုံး ထွက်ခွာသွားကြပါရန် သတိပေးကြောင်း ကြေညာချက်တွင် ပါရှိသည်။

သတိပေးကြေညာချက်အား တွေ့မြင်သိရှိပြီးနောက် လိုက်နာခြင်းမရှိဘဲ ဆက်လက်ခိုးတူးလုပ်ကိုင်နေသော မိဘပြည်သူများသည် ဖြစ်ပေါ်လာသော ပြဿနာအလုံးစုံနှင့် ပတ်သက်၍ မိမိ၏ ကံကြမ္မာနှင့် မိမိသာဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

သို့ဖြစ်၍ သတိပေးကြေညာစာအား တွေ့မြင်သိရှိသော မိဘပြည်သူများအားလုံး မိမိနှင့်သက်ဆိုင်သော ဆွေမျိုးသားချင်း၊ လုပ်ဖော်ကိုင်ဖက် အပေါင်းအသင်းများအားလည်း ဆက်လက်အသိပေးသွားကြရန် နှိုးဆော်လိုက်ကြောင်း ကြေညာချက်တွင် ပါရှိသည်။

အဆိုပါ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ KIO/KIA ဌာနချုပ် လိုင်ဇာဗဟိုရုံးသို့ မေးမြန်းသော်လည်း ဖြေကြားခဲ့ခြင်းမရှိချေ။

အမည်မဖော်လိုသူ တနိုင်းဒေသခံတစ်ဦးက “စာထုတ်တယ်ကြားလို့ လိုက်ရှာနေတာ။ မတွေ့သေးဘူး။ ရွှေမှော်မှာကလူလေး၊ ငါး၊ ခြောက်ရာ၊ ပယင်းမှော်မှာက လူတစ်ရာလောက် ရှိသေးတယ်။ ရွှေတွေက ထွက်တယ်ဗျ။ ဓာတ်ခဲမှော်ဆိုတာ အရင် ရွှေကိုဓာတ်ခဲနဲ့ ချိန်ပြီး အရောင်းအဝယ်လုပ်တဲ့နေရာပဲ။ လူတွေက လောဘသမားကြီးပဲဆိုတော့ တားရင်လည်း မရဘူးဖြစ်နေတာ။ ရွှေက ပယင်းနဲ့တွဲပြီးထွက်တယ်။ ရွှေတစ်မျိုးတည်း ထွက်တဲ့နေရာလည်းရှိတယ်။ လူတွေထွက်လာတာ မတွေ့သေးဘူး။ မိုင်းနင်းတဲ့သူတွေပဲ ထွက်လာကြတာ။ အခုက တနိုင်းမှာ လူမရှိတော့ဘူး။ ခြောက်ကပ်နေတာ။ စိုက်ပျိုးရေးသမားတွေလည်း ဝယ်သူမရှိဘူး။ ငါးတစ်ပိဿာ ကျပ် ၆၀၀၀ ကနေ ကျပ် ၃၀၀၀ ပဲ ရှိတော့တယ်။ တိုက်ပွဲတွေ ပြင်းထန်လာရင်တော့ ဒီဒေသခံတွေက ဒုက္ခရောက်ဦးမယ်။ လမ်းပေါ်မှာငွေကောက်၊ လမ်းပိတ်ပေါ့ဗျာ။ ဘာမှလည်းမတတ်နိုင်ပါဘူး” ဟု ပြောကြားသည်။

တနိုင်းဟူးကောင်းချိုင့်ဝှမ်းဒေသ ပြဿနာများနှင့် ပတ်သက်၍ အစပိုင်းတွင် တပ်မတော်နှင့် KIA တို့ နှစ်ဖက်အပြန်အလှန် စကားကမ်းလှမ်းပြောဆိုမှုများ ရှိခဲ့သော်လည်း ပြင်းထန်သော တိုက်ပွဲများဖြစ်ပွားပြီးနောက်ပိုင်း ဆက်ဆံရေးပြောဆိုမှု မရှိတော့ကြောင်း၊ ယင်းဒေသတွင် စစ်ဆင်ရေးလုပ်မည့် အခြေအနေများကြောင့် ရွှေမှော်၊ ပယင်းမှော်များတွင် ရောက်ရှိနေသူများကို ထိခိုက်မှုများရှိနိုင်သည့်အတွက် ထွက်ခွာစေခြင်းဖြစ်ကြောင်း၊ ပစ်ခတ်မှုများ ပိုမိုဖြစ်ပွားလာနိုင်ကြောင်း ကချင်ပြည်နယ် အခြေစိုက် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့က ပြောကြားသည်။

မြစ်ကြီးနားအခြေစိုက် KIO နည်းပညာ အကြံပေးအဖွဲ့ရုံးပြောဆိုခွင့်ရှိသူ ဦးဒေါင်ခါးက “စာထုတ်တာက အမှန်ဖြစ်ပါတယ်။ အဲဒီဒေသတွေမှာက လွန်ခဲတဲ့နှစ် မိုးဝင်စကာလကတည်းက တပ်မတော်ကလည်း စာတွေဖြန့်ဝေပြီး မှောင်းထုတ်ခဲ့တယ်။ ကျေးရွာဒေသခံတွေက တနိုင်းမြို့ပေါ်ကို ရောက်နေကြပါပြီ။ အခုက ဒေသခံနည်းနည်း၊ တစ်ခြားအောက်ပြည်အောက်ရွာကလာတဲ့ သူတွေအများစုက ရွှေ၊ ပယင်းဝင်လုပ်နေတဲ့သူတွေကို သတိပေးတဲ့ သဘောပါ။ KIA ကပြောက်ကျားစစ်ထိုးရင် မဆိုင်သူတွေ အထိနာမှာကြောင့်လို့ သိရတယ်။ တပ်မဟာ ၂ လက်အောက်ခံ KIA ရင်း ၁၄ က လွန်ခဲ့တဲ့လပိုင်းကတည်းက တပ်မတော်က ဝင်သိမ်းလိုက်တော့ ရင်း ၁၄ ရယ်၊ ဖားကန့်ဘက်က ရင်း ၆ ရယ်က နေရာအမှန်မရှိတော့ဘဲ လှုပ်ရှားတပ်အသွင် နေကြရတာ ဖြစ်ပါတယ်။ စစ်ရေးအနေနဲ့က ကျွန်တော်တို့ အပိုင်းမဟုတ်တော့ သိလည်းမသိသလို ပြောပိုင်ခွင့်လည်း မရှိပါဘူး” ဟု ပြောကြားသည်။

၂၀၁၇ ခုနှစ် ဇွန်လအတွင်းက တပ်မတော်က ရဟတ်ယာဉ်ဖြင့် အဆိုပါဒေသတွင် စာများဖြန့်ဝေခဲ့ပြီး တပ်မတော်က နယ်မြေရှင်းလင်းရေး ဆောင်ရွက်မည်ဖြစ်သဖြင့် တရားမဝင်မှော်များတွင် လုပ်ကိုင်နေသူများ ထွက်ခွာရန် သတိပေးခဲ့ပြီးနောက် တပ်မတော်နှင့် KIA တို့ တနိုင်းမြို့အနီးတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

Most Read

Most Recent