တနင်္သာရီတိုင်းဒေသကြီးတွင် သစ်တန်ချိန် ၂၀၀၀ ကျော် ဖမ်းဆီးရမိခဲ့ပြီး ယခုနှစ်ပိုင်းအတွင်း အများဆုံးဖြစ်ခဲ့

တနင်္သာရီတိုင်းဒေသကြီးတွင် သစ်တန်ချိန် ၂၀၀၀ ကျော် ဖမ်းဆီးရမိခဲ့ပြီး ယခုနှစ်ပိုင်းအတွင်း အများဆုံးဖြစ်ခဲ့
Published 6 April 2018

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်သုံးခုတွင် ပြီးခဲ့သည့် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်အတွင်း၌ တရားမဝင်သစ်ဖမ်းဆီးရမိမှု ၄၀၀ အထိရှိခဲ့ပြီး သစ်တန်ချိန် ၂၀၀၀ ကျော် ဖမ်းဆီးနိုင်ခဲ့ကာ ယခုနှစ်ပိုင်းအတွင်း အမြင့်ဆုံး ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၇ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၁၈ ခုနှစ် မတ် ၃၁ ရက်အထိ တရားမဝင် သစ်ဖမ်းဆီးရမိမှုအဖြစ် ထားဝယ်ခရိုင်၌ ၅၉ မှုမှ သစ် ၁၉၃ ဒသမ ၁၀၉၉ ကုဗတန်၊ မြိတ်ခရိုင်၌ ၂၆၂ မှုမှ သစ် ၁၂၈၂ ဒသမ ၇၂၂ ကုဗတန်နှင့် ကော့သောင်းခရိုင်၌ ၇၉ မှုမှ သစ် ၆၀၆ ဒသမ ၆၂၇၉ ကုဗတန် ဖမ်းဆီးရမိခဲ့ပြီး စုစုပေါင်း အမှု ၄၀၀ မှ တရားမဝင်သစ် ၂၀၈၂ ဒသမ ၄၅၉၈ ကုဗတန် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကာ ယခင်ဘဏ္ဍာရေးနှစ်ထက် သစ်ကုဗတန်၂၀၀ ကျော် ပိုမိုဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

“တရားမဝင်သစ်တွေကို ရေလမ်းနဲ့ ကုန်းလမ်းတွေကနေ သယ်ကြတယ်။ ခုနောက်ပိုင်းမှလှေနဲ့ သယ်တာတွေ မိတာများလာတယ်။ သစ်တွေကတော့ နေရာအနှံ့ကပါပဲ။ ဒီရေတောကနေ မျောတိုင်နဲ့မီးသွေးအတွက် ခိုးထုတ်တာတွေ ရှိတယ်။ တရားမဝင် သစ်အများစုကတော့ ပြည်တွင်းမှာသုံးဖို့ ခိုးတာများပြီး မြို့တွေကို ဦးတည်တာ တွေ့ရတယ်။ ပြည်ပကတော့ ပင်လယ်ကနေလှေနဲ့ ခိုးသယ်ရင်း ရေတပ်နဲ့တွေ့လို့ ဖမ်းမိတာရှိတယ်။ အဲဒီသစ်တွေကတော့ ဒီတိုင်းထဲကမဟုတ်ဘဲ အခြားတိုင်းက သစ်တွေကို သယ်လာရင်းမိတာပေါ့။ မိတဲ့သစ်ကတော့ အခြားသားများတယ်။ ကညင်လည်း ရှိတယ်။ ပိတောက်ကတော့ အနည်းအကျဉ်းပေါ့” ဟု တိုင်းဒေသကြီးသစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ဇေယျက ပြောကြားသည်။

ဌာနအနေဖြင့် တရားမဝင် သစ်ဖမ်းဆီးမှုအတွက် လစဉ်စီမံချက်များ ရေးဆွဲခြင်းနှင့် ရှောင်တခင်လှည့်လည် စစ်ဆေးဖမ်းဆီးများ ဆောင်ရွက်ကြောင်း၊ စီမံချက်အနေဖြင့် တရားမဝင် သစ်လုပ်ကိုင်တတ်သည့် နေရာများကို လှည့်လည်စစ်ဆေး၍ ဖမ်းဆီးခြင်းများ ရှိသည့်အပြင် ပြည်သူလူထုအခြေပြု စောင့်ကြည့်သတင်းပို့စနစ် (CMRS) ဖြင့် Hot Line ဖုန်းနံပါတ်များ ထုတ်ပြန်ကာ ပြည်သူများထံမှ ပေးပို့လာသည့် သတင်းများကို မှန်ကန်မှု ရှိ၊ မရှိ စိစစ်၍ လိုက်လံဆောင်ရွက်နေခြင်းကြောင့် တရားမဝင်သစ်များကို နေရာအနှံ့တွင် ဖမ်းဆီးရမိနေခြင်းဖြစ်ကာ ပြည်သူများ၏ ပူးပေါင်းပါဝင်မှုအပိုင်းတွင် ပိုမိုဆောင်ရွက်လာနိုင်သည့် အနေအထားရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ ထို့ပြင် အရပ်ဘက် အဖွဲ့အစည်းများနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပတ်သက်၍ တက်ကြွစွာ ဆောင်ရွက်နေသူများ၊ FLEGT ကဲ့သို့သော အဖွဲ့အစည်းများမှ တရားမဝင် သစ်ခိုးထုတ်နေမှုများကို အသိပေး အကြောင်းကြားလာခြင်းများ ရှိသောကြောင့် ယခုကဲ့သို့ ဖမ်းဆီးရမိမှု မြင့်တက်လာခြင်းဖြစ်ကြောင်း ဦးကျော်ဇေယျက ပြောကြားသည်။

ပြီးခဲ့သည့်မတ် ၂၆ ရက်ကလည်း ထားဝယ်ခရိုင် ရေဖြူမြို့နယ် ပရဒတ်ကျေးရွာအုပ်စုရှိ ဘဝါကမ်းခြေကျေးရွာ၏ မြောက်ဘက် သုံးဖာလုံခန့်အကွာ ထောင်းနီချောင်းဝတွင် တရားမဝင်အုပ်စု(၁) ပိတောက်သစ်ခွဲသား ၂၀၄ ချောင်း (၂၀ ဒသမ ၀၀၄)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ကြောင်း၊ မတ် ၂၇ ရက်တွင် ထားဝယ်မြို့နယ် ရွှေဂူတောင်ကျေးရွာ အနီးတွင် တရားမဝင်ကဒွတ်သစ်ခွဲသား ၃၃၅ ချောင်း (၃ ဒသမ ၅၂၆၄) တန် တင်ဆောင်လာသည့် ယာဉ်တစ်စီးနှင့် လူနှစ်ဦးကို ဖမ်းဆီးရမိခဲ့သည့်အပြင် မတ် ၃၀ ရက်တွင်လည်း လောင်းလုံးမြို့နယ် တီဇစ်ကျေးရွာအုပ်စုရှိ ဗွီးထောင့်ကမ်းခြေ တံငါစခန်းအနီး လောင်းလုံးကြိုးဝိုင်းအကွက် အမှတ် ၁၇ မှ ဦးကျော်မြင့်၏ ပုဂ္ဂလိကသစ်မာစိုက်ခင်း ၂၀ ဧက အတွင်း၌ တရားမဝင် သစ်ခွဲသား ၃၀ ချောင်း (၀ ဒသမ ၂၅၉၆) တန်နှင့် သုံးပေအောက် အခြားသစ်လုံး ၁၂ လုံး(၀ ဒသမ ၉၉) တန် တရားမဝင် လက်ကိုင်စက်လွှတစ်လက်တို့အား ပိုင်ရှင်တစ်ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ရေကြောင်းလမ်းမှတစ်ဆင့် သယ်ယူ၍ ဖမ်းဆီးရမိသော တရားမဝင်သစ်အများစုမှာ မွန်ပြည်နယ်မှတစ်ဆင့် မလေးရှားနိုင်ငံသို့ သွားရောက်ရောင်းချရန် သယ်ယူလာစဉ် တနသာၤရီကမ်းရိုးတန်း၌ တပ်မတော်ရေမှ စစ်ရေယာဉ်များနှင့် တွေ့ရှိဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent