နာဂဒေသနှင့် အထက်ချင်းတွင်းဒေသတို့ ဆက်သွယ်သွားလာနိုင်မည့် ချင်းတွင်းမြစ်ကူးတံတား (ခန္တီး)ကို ဧပြီ ၈ ရက်တွင် ဖွင့်လှစ်မည်

နာဂဒေသနှင့် အထက်ချင်းတွင်းဒေသတို့ ဆက်သွယ်သွားလာနိုင်မည့် ချင်းတွင်းမြစ်ကူးတံတား (ခန္တီး)ကို ဧပြီ ၈ ရက်တွင် ဖွင့်လှစ်မည်
Published 6 April 2018

ချင်းတွင်းမြစ်ကူးတံတား (ခန္တီး)ကို တွေ့ရစဉ်

နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် အထက်ချင်းတွင်းဒေသတို့ကို အလွယ်တကူ ဆက်သွယ်သွားလာနိုင်မည့် ချင်းတွင်းမြစ်ကူးတံတား (ခန္တီး) ကို ဧပြီ ၈ ရက်တွင် စတင် ဖွင့်လှစ်သွားမည်ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမောင်တေးက ပြောကြားသည် ။

“ဒီတံတားက နာဂဒေသအတွက် ထွက်ပေါက်တစ်ခု ဖြစ်လာမယ့် တံတားတစ်စင်းပါ။ ဒီတံတားကို အရင်အစိုးရလက်ထက်တုန်းက လွှတ်တော်မှာ တင်ပြပေးခဲ့တာပေါ့။ အခု အစိုးရလက်ထက်မှာ အကောင်အထည်ဖော်ပြီး ဆောင်ရွက်တာပါ ။ ဌာနေတိုင်းရင်းသား တွေအတွက်တော့ အလွန်အရေးပါတဲ့ တံတားတစ်စင်းပါ ။ အောက်ခြေလူတန်းစားဖြစ်တဲ့ ပြည်သူလူထုတွေက အရင်တုန်းကဆိုရင် ကူးတို့ခ ၅၀၀ ၊ ၁၀၀၀ ၊ ၁၅၀၀ ကျပ်ပေးပြီး ကူးကြရတာ။ ကူးတို့ဆိုတော့ အချိန်နဲ့ ကူးရတာ။ မုံရွာ-ဟုမ္မလင်း- ခန္တီး- လမ်းမကြီး ကနေ ဒီတံတားကိုဖြတ်ပြီး နာဂကို သွားနိုင်တယ်။ လေရှီး- ထန်ပါခွေ-လဟယ် မြို့နယ်ချင်းဆက်လမ်းကိုလည်း ဖောက်ဖို့လျာထားတယ်ဆိုတော့ ဒီတံတားနဲ့ ချိတ်ဆက်သွားလာမယ်ဆိုရင် အဆင်ပြေလာမယ်။ အိန္ဒိယနယ်စပ်နဲ့လည်း ချိတ်ဆက်နိုင်မယ့် လမ်းအတွက်လည်း ဒီတံတားကအရေးပါတယ်။ တံတားပြီးရင်တော့ နာဂဒေသကို အချိန်မရွေးသွားလာလို့ရသွားပြီ” ဟု ဦးမောင်တေးက ပြောကြားသည် ။

အဆိုပါတံတားသည် ချင်းတွင်းမြစ် အရှေ့ဘက်ကမ်း ခန္တီးမြို့နှင့် ချင်းတွင်းမြစ် အနောက်ဘက်ကမ်း ဆင်သေကျေးရွာကို ဆက်သွယ်ထားပြီး တံတားအရှည်မှာ ၂၆၅၆ ပေရှိ ကာချဉ်းကပ်လမ်းအဖြစ် ဆင်သေဘက်ကမ်းတွင် တစ်မိုင် ငါးဖာလုံနှင့် ခန္တီးဘက်ကမ်းတွင် နှစ်မိုင်ပါရှိသည်ဟု သိရသည် ။ အဆိုပါတံတားကို သံမဏိသံပေါင်နှင့် သံကူကွန်ကရစ် (အုတ်မြစ်) တို့ဖြင့် တည်ဆောက်ခဲ့ပြီး စီမံကိန်း တန်ဖိုးကျပ် ၂၂၁၂၃ သန်းရှိသည်ဟု သိရသည်။

“ဒီတံတားဆောက်လိုက်တော့ အဓိက,ကတော့ နာဂဒေသအတွက် တော်တော်လေး အကျိုးရှိသွားမယ်လို့ မြင်ပါတယ်။ ဖွံ့ဖြိုးမှု အားနည်းတဲ့ နာဂတောင်တန်းပေါ်မှာရှိတဲ့ ဒေသခံတွေက တောင်အောက်ကို ဆင်းလာပြီးပြီဆိုရင် ကူးတို့မမီရင် တစ်ဖက်ကမ်းမှာ ရှိတဲ့ ဆင်သေကျေးရွာမှာ ညအိပ်ကြရတယ်။ အခုတော့ ဒီဒေသမှာရှိတဲ့ လူတွေအတွက်လည်း သွားရေးလာရေးအတွက် ပိုမိုအဆင်ပြေတာပေါ့ ။ အရင်တုန်းကတော့ ဟိုဘက်ကမ်း ဒီဘက်ကမ်း သွားမယ်လာမယ်ဆိုရင် ကူးတို့ကိုပဲ အားကိုးရတာ။ အခုတော့ ဘာအ ကြောင်းကိစ္စပဲဖြစ်ဖြစ် သွားလာရတာ ပိုအဆင်ပြေသွားမယ်။ ဥပမာ ကျန်းမာရေးကိစ္စတွေပေါ့ဗျာ ။ ကူးတို့မရှိလို့ မလာနိုင်လို့ ဆေ ရုံ မရောက်လိုက်ရဘူးဆိုတာ မရှိတော့ဘူးပေါ့” ဟု ခန္တီးမြို့ခံတစ်ဦးက ဆိုသည်။

Most Read

Most Recent