e-Government ဖြစ်ပေါ်ရန် လုပ်ဆောင်နေခြင်းသည် ပြည်သူလူထု အဆင်ပြေရန်နှင့် အဂတိလိုက်စားမှု ပပျောက်ရန် ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား

e-Government ဖြစ်ပေါ်ရန် လုပ်ဆောင်နေခြင်းသည် ပြည်သူလူထု အဆင်ပြေရန်နှင့် အဂတိလိုက်စားမှု ပပျောက်ရန် ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား
Published 5 April 2018

အစိုးရအနေဖြင့် e-Government ဖြစ်ပေါ်ရန် လုပ်ဆောင်နေခြင်းသည် ပြည်သူလူထု အဆင်ပြေရန်နှင့် အဂတိလိုက်စားမှု ပပျောက်သွားရန် ဖြစ်ကြောင်း e-Government ဦးဆောင်ကော်မတီ နာယက နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ဧပြီ ၄ ရက်တွင် နေပြည်တော်၌ ပြုလုပ်သည့် e-Government ဦးဆောင် ကော်မတီ ပထမကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

“ e-Government လုပ်ဆောင်ခြင်းရဲ့ ရည်ရွယ်ချက်က ပြည်သူလူထုအတွက် အဆင်ပြေဖို့ ဆိုတဲ့အထဲမှာ မြန်မြန်ဆန်ဆန် အလုပ်ပြီးဖို့လည်း ပါတယ်။ နောက်ပြီးတော့ အဂတိလိုက်စားမှု ပပျောက်သွားဖို့လည်း ပါဝင်ပါတယ်။ တချို့ကပြောတာတော့ အဂတိလိုက်စားမှု လုံး၀ ပပျောက်တဲ့နိုင်ငံ ဒီကမ္ဘာကြီးမှာ မရှိဘူးပေါ့။ ဒါပေမဲ့ နည်းနိုင်သမျှ နည်းသွားအောင် ဦးတည်ပြီးတော့ ကြိုးစားရမှာ ဖြစ်ပါတယ်”ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ယခုကဲ့သို့ e-Government လုပ်ဆောင်ရခြင်း၏ အဓိက ရည်ရွယ်ချက်သည် နိုင်ငံနှင့် ပြည်သူအတွက် အကျိုးရှိရန် ဖြစ်ကြောင်း၊ ကမ္ဘာနှင့် ရင်ဘောင်တန်းပြီး ခေတ်သစ်၊ စနစ်သစ်များကို မသုံး၍ မဖြစ်ကြောင်း၊ ယင်းကဲ့သို့ အသုံးမပြုပါက နိုင်ငံသည် အခြားနိုင်ငံများ၏ နောက်တွင် ကျန်ခဲ့မည် ဖြစ်ကြောင်း၊ တစ်ဌာန နှင့် တစ်ဌာန ပူးပေါင်းဆောင်ရွက်မှု မရှိပါက e-Government ကိစ္စသာမက အခြားကိစ္စများတွင်လည်း မြန်သင့်သလောက် အောင်မြင်နှုန်း မမြန်နိုင်ကြောင်း၊ e-Government သည် အစိုးရ တစ်ခုလုံးနှင့် ဆိုင်ကြောင်း၊ နိုင်ငံတော် တစ်ခုလုံးနှင့် ဆိုင်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

ထို့ပြင် မိမိတို့နိုင်ငံ အစိုးရနှင့် ပတ်သက်ပြီး လုပ်ငန်းများ နှေးကွေးနေကြောင်း၊ မြန်ဆန်မှု မရှိကြောင်း၊ မလိုအပ်သည့် ကြိုးနီစနစ်များ ရှုပ်ထွေးနေကြောင်း၊ ယင်းကိစ္စများကို ရှောင်ရှားရန်အတွက် သတိနှင့် စတင်ပြီး စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံး လုပ်နည်းများကို ဆုံးဖြတ်သွားရန် လိုအပ်ပြီး ဆိုးကျိုး ကောင်းကျိုးကို ချင့်ချိန်ကာ လုပ်ရန် လိုအပ်ကြောင်း၊ e-Government သာမက ခေတ်သစ်နည်းပညာနှင့် ပတ်သက်ပြီး လူတိုင်းလူတိုင်း၏ လုံခြုံရေး၊ ပုဂ္ဂိုလ်ရေး လုံခြုံမှုများကို ထိခိုက်နိုင်သည့် အလားအလာများ ရှိသည်ကို အများသိပြီးသား ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“ဒီလို နည်းပညာတွေ၊ စနစ်သစ်တွေကို အလွဲသုံးစား မလုပ်ဖို့လည်း အင်မတန် အရေးကြီးပါတယ်။ အလွဲသုံးစား မလုပ်ဖို့ ဆိုတာဟာ ကျွန်မတို့ရဲ့ အစိုးရပိုင်း ဆိုင်ရာကလည်း အလွဲသုံးစား မလုပ်ဖို့၊ ပြည်သူ့ဘက်ကလည်း အလွဲသုံးစား မလုပ်ဖို့၊ ဒါကြောင့် လုပ်ငန်းအသစ် တစ်ခုကို ဖော်ဆောင်တဲ့ နေရာမှာ ဟိုဘက် ဒီဘက် အဘက်ဘက်ကနေ ကြည့်ပြီး ဆုံးဖြတ်ချက် ချစေချင်ပါတယ်”ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက e-Government နှင့်ပတ်သက်၍ အစိုးရ နှစ်နှစ်တာ တာဝန်ယူချိန်တွင် ကြိုးပမ်းခဲ့ကြောင်း၊ သို့သော် ပူးပေါင်း ဆောင်ရွက်မှု၊ ချိတ်ဆက်မှု အားနည်းခြင်းများကြောင့် အောင်မြင် သင့်သလောက်၊ မျှော်မှန်းသလောက် တိုးတက်မှု မရှိကြောင်း၊ အခွင့်အရေး ရှိချိန်တွင် ပြည့်ပြည့်စုံစုံ ဆွေးနွေးစေလိုကြောင်း၊ လုံခြုံရေးဘက်မှ ကြည့်မည် ဆိုပါကလည်း ပြည်ထဲရေးနှင့် ကာကွယ်ရေးတို့ ပါဝင်ရန်လိုကြောင်း၊ Mobile Telephone ကွန်ရက်သည် လူဦးရေ၏ ၈၉ ရာခိုင်နှုန်းကို လွှမ်းခြုံထားပြီး ၂၀၂၀ ပြည့်နှစ်တွင် ၉၂ ရာခိုင်နှုန်းကို လွှမ်းခြုံရန် ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

Most Read

Most Recent