ဝန်ကြီးဌာနများက စွန့်လွှတ်ပြီး ဖြစ်သော လယ်ယာမြေအချို့သည် ကာယကံရှင် လက်ဝယ်သို့ ရောက်ရှိရန် ကြန့်ကြာခြင်းနှင့် အခြားသူထံ ပေးအပ်ထားခြင်းများ ဖြစ်နေကြောင်း ဒုတိယသမ္မတပြောကြား

ဝန်ကြီးဌာနများက စွန့်လွှတ်ပြီး ဖြစ်သော လယ်ယာမြေအချို့သည် ကာယကံရှင် လက်ဝယ်သို့ ရောက်ရှိရန် ကြန့်ကြာခြင်းနှင့် အခြားသူထံ ပေးအပ်ထားခြင်းများ ဖြစ်နေကြောင်း ဒုတိယသမ္မတပြောကြား
Published 5 April 2018

ဝန်ကြီးဌာနများက စွန့်လွှတ်ထားပြီး ဖြစ်သော လယ်ယာမြေအချို့သည် ကာယကံရှင် လက်ဝယ်သို့ ရောက်ရှိရန် အချိန်ကြန့်ကြာခြင်းနှင့် ကာယကံရှင် လက်ဝယ်သို့ မရောက်ရှိဘဲ အခြားသူထံသို့ ပေးအပ်ထားခြင်းများ ဖြစ်ပွားနေကြောင်း ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ဧပြီ ၄ ရက်တွင် နေပြည်တော်၌ ပြုလုပ်သည့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီ၏ ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၁၈) တွင်ပြောကြားခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

ဝန်ကြီးဌာနများက အသုံးပြုရန် မလိုအပ်သည့် မြေများကို ပြန်လည် စွန့်လွှတ်ပေးအပ်လျက်ရှိရာ ကာကွယ်ရေးဝန်ကြီးဌာနက အများဆုံးပြန်လည် စွန့်လွှတ်ပေးသည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ စွန့်လွှတ်မြေများအနက် မူလပိုင်ရှင်များသို့ ပြန်လည် လွှဲပြောင်းသည့် မြေများတွင် အချို့မှာ သက်ဆိုင်ရာဝန်ကြီးဌာနက စွန့်လွှတ်ထားပြီး ဖြစ်သော်လည်း ကာယကံရှင် လက်ဝယ်သို့ ရောက်ရှိရန် အချိန်ကြန့်ကြာနေမှုများ၊ ကာယကံရှင် လက်ဝယ်သို့ ရောက်ရှိခြင်း မရှိဘဲ အခြားသူထံသို့ ပေးအပ်ထားခြင်းများ၊ မူလ လက်ငုတ်နှင့် လက်ရှိ လက်ငုတ် အငြင်းပွားနေမှုများ ဖြစ်ပွားနေသည်ကိုလည်း စိစစ်တွေ့ရှိရပါကြောင်း၊ ထို့ကြောင့်အမှုတွဲများ ပြီးပြတ်ခြင်း မရှိဘဲ နှောင့်နှေးနေသည်ကို တွေ့ရှိရပါကြောင်း၊ ကော်မတီဥက္ကဋ္ဌများအနေဖြင့် အောက်ခြေမှ စိစစ်တွေ့ရှိချက်များ နှင့် မြေပြင်ကွဲလွဲမှု မရှိစေရေးအတွက် ကွင်းဆင်း ဆောင်ရွက်သွားနိုင်ရန် တာဝန်ရှိသူများကို အဖွဲ့ဖွဲ့၍ တာဝန်ပေးအပ်ရန် တိုက်တွန်း မှာကြားလိုပါကြောင်း ဒုတိယသမ္မတက ပြောကြားသည်။

ထို့ပြင် ဗဟိုကော်မတီသို့ ရောက်ရှိလာသည့် တိုင်ကြားစာ အမှုတွဲပေါင်း ၆၃၂၀ မှုရှိ ပြီး သက်ဆိုင်ရာ ကော်မတီများသို့ စိစစ်ဆောင်ရွက်ရန် လွှဲပြောင်းပေးပို့ထားရာ ဗဟိုကော်မတီ၏ စိစစ်မှုများအရ တိုင်ကြားစာ အမှုတွဲ ၆၆၉ မှုသာ ဖြေရှင်း ဆောင်ရွက်ပြီး ဖြစ်သည့်အတွက် ကျန်ရှိသည့် တိုင်ကြားစာ ၅၆၅၁ မှုကို ပိုမို အလေးထား ဖြေရှင်းဆောင်ရွက် ပေးစေလိုပါကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

Most Read

Most Recent