၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ အပါအဝင် မျိုးဆက်အသီးသီးမှပုဂ္ဂိုလ်များ ပါဝင်ထူထောင်မည့် နိုင်ငံရေးပါတီ၏ ပထမဆုံးစည်းရုံးရေးစတင်မှုအဖြစ် ဧရာဝတီတိုင်းဒေသကြီး ပါတီဖြစ်မြောက်ရေးကော်မတီ ဖွဲ့စည်း

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ အပါအဝင် မျိုးဆက်အသီးသီးမှပုဂ္ဂိုလ်များ ပါဝင်ထူထောင်မည့် နိုင်ငံရေးပါတီ၏ ပထမဆုံးစည်းရုံးရေးစတင်မှုအဖြစ် ဧရာဝတီတိုင်းဒေသကြီး ပါတီဖြစ်မြောက်ရေးကော်မတီ ဖွဲ့စည်း
Published 17 August 2017

 

ပုသိမ်မြို့တွင် သြဂုတ် ၁၅ ရက်က ဧရာဝတီတိုင်းဒေသကြီး နိုင်ငံရေးပါတီ တစ်ရပ်ဖြစ်မြောက်ရေးကော်မတီ ဖွဲ့စည်းသည့် အခမ်းအနားကျင်းပနေစဉ် (Photo- နိုင်ငံရေးပါတီတစ်ရပ် ဖြစ်မြောက်ရေးကော်မတီ Facebook )

 

 

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ အပါအဝင် မျိုးဆက်အသီးသီးမှ ပုဂ္ဂိုလ်များ ပါဝင်ထူထောင်မည့် နိုင်ငံရေးပါတီ၏ ပထမဆုံးစည်းရုံးစတင်မှုအဖြစ် ဧရာဝတီတိုင်းဒေသကြီး ပါတီဖြစ်မြောက်ရေး ကော်မတီကို  သြဂုတ် ၁၅ ရက်တွင် ဖွဲ့စည်းခဲ့ကြောင်း သတင်းရရှိသည်။

ဧရာဝတီတိုင်းဒေသကြီး နိုင်ငံရေးပါတီ ဖြစ်မြောက်ရေးကော်မတီ ဖွဲ့စည်းခြင်း အခမ်းအနားကို  သြဂုတ် ၁၅ ရက်က ပုသိမ်မြို့ရှိ မြန်မာနိုင်ငံဆရာဝန်အသင်းခန်းမ၌ ကျင်းပခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ အဖွဲ့ဝင် ၈၅ ဦးနှင့် ရန်ကုန်မြို့ရှိ ဗဟိုလုပ်ငန်းကော်မတီမှ ဦးဆောင်အဖွဲ့ဝင် ဦးမင်းဇေယျဦးဆောင်သည့် ဗဟိုအဖွဲ့ဝင် ၁၂ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဧရာဝတီတိုင်းဒေသကြီး နိုင်ငံရေးပါတီဖြစ်မြောက်ရေး ကော်မတီတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ၂၆ မြို့နယ် အနက် ၁၉ မြို့နယ်မှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း ဗဟိုစည်းရုံးရေးကော်မတီ တွဲဖက်တာဝန်ခံ ဦးကျော်လင်းက ပြောကြားသည်။

“ကျန်တဲ့မြို့နယ်က ကိုယ်စားလှယ်တွေက နောက်ထပ်ပူးပေါင်းဖို့ ကမ်းလှမ်းထားတာ ရှိတယ်။ အဲဒါကိုလည်း ပြင်ဆင်နေတယ်ပေါ့။ အဲဒီမှာ ကော်မတီကို အများဆန္ဒနဲ့ပေါ့။ ဧရာဝတီတိုင်း မြို့နယ်အသီးသီးက သူတွေကို သူတို့ရဲ့ဆန္ဒနဲ့ လွတ်လပ်စွာပေါ့လေ။ မြို့နယ်အလိုက် ကိုယ်စားလှယ်တွေ ဒီမိုကရေစီနည်းကျပဲ ရွေးချယ်ပြီး တိုင်းစည်းရုံးရေးကော်မတီ ဖွဲ့စည်းပေးလိုက်တာပေါ့” ဟု ဦးကျော်လင်းက ပြောကြားသည်။

ထိုသို့ဖွဲ့စည်းလိုက်သည့် ဧရာဝတီတိုင်း ဒေသကြီးပါတီဖြစ်မြောက်ရေးကော်မတီ ရုံးခန်းအား လက်ရှိအဆင်သင့်ဖြစ်နေသည့် ဟင်္သာတမြို့နယ်၌ ဖွင့်လှစ်ရန်ဆောင်ရွက်ထားပြီး နောက်ပိုင်းတွင် ပုသိမ်မြို့တွင်ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော်တို့ အဆင်သင့်ဖြစ်တဲ့ တိုင်းဒေသကြီးကို စတင်ဖွဲ့စည်းတာပါ။ နောက်ပြီးတော့ အခြေခံအားကောင်းတဲ့ဒေသမှာပေါ့။ ကျွန်တော်တို့ ၈၈ မျိုးဆက်တွေရှိတယ်။ လူငယ်မျိုးဆက်တွေရှိတဲ့နေရာတွေက ကျွန်တော်တို့ ဧရာဝတီတိုင်းမှာ အမာခံမျိုးဆက်တွေ ရှိတယ်ပေါ့နော်။ အဲဒါကြောင့် ဧရာဝတီတိုင်းကော်မတီကို စတင်ဖွဲ့စည်းခြင်းဖြစ်ပါတယ်။ ဒီဟာပြီးတဲ့နောက်မှာ အခြားတိုင်းနဲ့ ပြည်နယ်တွေ ဖွဲ့စည်းဖို့ရှိပါတယ်။ ဒုတိယအားဖြင့် မကွေးတိုင်းစည်းရုံးရေး ကော်မတီကိုလည်း သိပ်မကြာခင်မှာ ဖွဲ့စည်းဖို့ပြင်ဆင်နေပါပြီ”ဟု ဦးကျော်လင်းက ပြောကြားသည်။

နိုင်ငံရေးပါတီ ဖြစ်မြောက်ရေးကော်မတီ ဗဟိုအဆင့်ဦးဆောင်အဖွဲ့နှင့် လုပ်ငန်းကော်မတီများ ဖွဲ့စည်းခြင်းအခမ်းအနားကို ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ ဓမ္မပိယ ကျောင်းတိုက်တွင် ဇူလိုင် ၁၅ ရက်မှ ၁၆ ရက် အထိ ကျင်းပ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

နိုင်ငံရေးပါတီတစ်ရပ်ဖွဲ့စည်းပါက နီးစပ်ရာ အမာခံစုစည်း၍ သွားရောက်မှတ်ပုံတင်ကြောင်း၊ ထို့နောက် ပါတီမှတ်ပုံတင်ကျမှသာ လူများစုသည့် သမားရိုးကျ လုပ်ရိုးလုပ်စဉ် ဖြစ်ကြောင်း၊ သို့သော် ယခုပါတီသစ်အတွက် စုဆောင်းသည့်အခါ တတ်နိုင်သမျှ အပေါ်က ညွှန်ကြားပြီး ဖွဲ့စည်းသည့်ပုံစံမဟုတ်ဘဲ အောက်ခြေမှ အကြိမ်ကြိမ်ဆွေးနွေးညှိနှိုင်းကာ ဖွဲ့စည်းသည့်ပုံစံအား စတင်ကြိုးပမ်းနေခြင်းဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးကိုကိုကြီးက  ဗဟိုအဆင့် ဦးဆောင်အဖွဲ့နှင့် လုပ်ငန်းကော်မတီများ   ဖွဲ့စည်းခြင်းဖွင့်ပွဲအခမ်းအနားတွင် ပြောကြားထားသည်။

ထိုသို့ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးနောက် အများသဘောတူညီချက်ဖြင့် ပါတီအမည်ပေးကာ ပါတီမှတ်ပုံတင်ရန်လုပ်ငန်းကို ၂၀၁၇ နှစ်ကုန်ပိုင်းမှသာ စတင်ပြုလုပ်ရန် လျာထားကြောင်း သိရသည်။

Most Read

Most Recent