ကျွန်းကုန်းရွာပေါ်သို့ လေယာဉ်ပျက်ကျမှု မရှိစေရေးအတွက် အသက်ကို ပဓာနမထားဘဲ ဆောင်ရွက်ခဲ့သည့် ဗိုလ်မှူး အာကာဝင်းအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ချီးကျူးဂုဏ်ပြုကြောင်း ထုတ်ပြန်

ကျွန်းကုန်းရွာပေါ်သို့ လေယာဉ်ပျက်ကျမှု မရှိစေရေးအတွက် အသက်ကို ပဓာနမထားဘဲ ဆောင်ရွက်ခဲ့သည့် ဗိုလ်မှူး အာကာဝင်းအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ချီးကျူးဂုဏ်ပြုကြောင်း ထုတ်ပြန်
Published 5 April 2018

လေ့ကျင့် ပျံသန်းမှု ဆောင်ရွက်နေစဉ် အင်ဂျင်ချို့ယွင်း၍ ပျက်ကျခဲ့သည့် F-7 လေယာဉ်အား ဧပြီ ၃ ရက်က တွေ့ရစဉ် (Photo: AFP)

ကျွန်းကုန်းရွာပေါ်သို့ လေယာဉ်ပျက်ကျမှု မရှိစေရေးအတွက် အသက်ကို ပဓာနမထားဘဲ လေယာဉ်အား အတတ်နိုင်ဆုံး ထိန်းကျောင်း မောင်းနှင်ခဲ့စဉ် အသက်ဆုံးရှုံး ခဲ့ရသည့် လေသူရဲဖြစ်သူ ဗိုလ်မှူး အာကာဝင်း အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ချီးကျူး ဂုဏ်ပြုကြောင်း ဧပြီ ၄ ရက်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

တောင်ငူ လေတပ်စခန်းဌာနချုပ်မှ ဗိုလ်မှူး အာကာဝင်း မောင်းနှင်သည့် အက်ဖ်- ၇ လေယာဉ်သည် လေ့ကျင့် ပျံသန်းမှု ဆောင်ရွက်နေစဉ် အင်ဂျင်ချို့ယွင်း၍ ပျက်ကျခဲ့မှုဖြစ်စဉ်နှင့် ပတ်သက်၍ အသေးစိတ် သိရှိနိုင်ရန်အတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) နှင့် တပ်မတော် (လေ) မှ ပညာရှင်များ ပါဝင်သောအဖွဲ့သည် ဧပြီ ၄ ရက်တွင် တောင်ငူ လေတပ်စခန်းဌာနချုပ်နှင့် ဖြစ်စဉ်ဖြစ်ပွားရာ နေရာသို့ သွားရောက် စစ်ဆေးခြင်းနှင့် မျက်မြင်တွေ့ရှိခဲ့သည့် ဒေသခံ ပြည်သူများအား တွေ့ဆုံမေးမြန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ မျက်မြင် စစ်ဆေးချက်များနှင့် ကျွန်းကုန်းကျေးရွာမှ ကျေးရွာသားအချို့၏ မျက်မြင်တွေ့ရှိ ပြောကြားချက်များအရ ၎င်းနေရာသည် အင်ဒိုင်းရွာအထက် အမြင့်မီတာ ၃၀၀ ခန့်တွင် ရောက်ရှိနေပြီး လေယာဉ်၏ ဦးတည်ရာအရပ်မှာ ကျွန်းကုန်းရွာသို့ ဦးတည်လျက် ရှိသည်ဟု တွေ့ရှိရကြောင်း၊ ထိုအချိန်တွင် အရေးပေါ် လေထီးဖြင့် ခုန်ထွက်မည် ဆိုပါက လေသူရဲတစ်ဦးအတွက် လုံလောက်သည့် အချိန်နှင့် အမြင့်ပေတွင် ရှိနေနိုင်ပြီး အသက်အန္တရာယ် လွတ်ကင်းနိုင်သည့် အခြေအနေရှိကြောင်း တွေ့ရှိရသော်လည်း အသက်ကယ် လေထီးပါ ထိုင်ခုံ၏ တွန်းကန်အားကြောင့် လေယာဉ်ပေါ် ဖိအား သက်ရောက်စေ၍ ကျွန်းကုန်းရွာအတွင်းသို့ လေယာဉ်ပျက်ကျနိုင်သည့် အနေအထားတွင် ရှိသည်ဟု တွေ့ရှိရကြောင်း၊ ဗိုလ်မှူး အာကာဝင်းသည် ၎င်းနေရာတွင် အရေးပေါ် ခုန်ထွက်ခြင်းကို ပြုလုပ်ခဲ့ခြင်း မရှိဘဲ လေယာဉ်အား ကြိုးစား၍ ဆက်လက် ထိန်းသိမ်းခဲ့ပြီး ကျွန်းကုန်းရွာ အလွန်မြေပြင်မှ အမြင့်ပေ ၃၀ မီတာခန့် ရောက်ရှိချိန်မှသာ အရေးပေါ်ခုန်ထွက်ခြင်း ပြုလုပ်ခဲ့သည်ဟု တွေ့ရကြောင်း၊ သို့ဖြစ်၍ လုံလောက်သည့် အချိန်နှင့်အမြင့်ပေ ရရှိတော့ခြင်း မရှိဘဲ လေယာဉ်မြေပြင်သို့ ဆောင့်မိချိန်နှင့် တစ်ပြိုင်နက်တည်း ခုန်ထွက်ခဲ့သည့် အခြေအနေမျိုး ရောက်ရှိခဲ့သဖြင့် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး တပ်မတော်ဆေးရုံသို့ ဆက်လက် ပို့ဆောင်စဉ် သေဆုံးခဲ့ကြောင်း တွေ့ရှိရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent