တပ်မတော်မှ ပုဒ်မ (၅၀၀) ဖြင့် တရားစွဲဆိုထားသည့် ကျောင်းသားကိုးဦးအနက် ရှစ်ဦးအား ငွေဒဏ်အသီးသီး အမိန့်ချမှတ်ခဲ့

တပ်မတော်မှ ပုဒ်မ (၅၀၀) ဖြင့် တရားစွဲဆိုထားသည့် ကျောင်းသားကိုးဦးအနက် ရှစ်ဦးအား ငွေဒဏ်အသီးသီး အမိန့်ချမှတ်ခဲ့
Published 5 April 2018

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် တပ်မတော်မှ ပုဒ်မ(၅၀၀)ဖြင့် ကျောင်းသားကိုးဦးကို တရားစွဲဆိုထားသည့်အမှုတွင် ကျောင်းသားရှစ်ဦးအား ဧပြီ ၄ ရက်က ပုသိမ်မြို့နယ်တရားရုံးမှ ငွေဒဏ်အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

အဆိုပါအမှုတွင် တပ်မတော်ကိုယ်စား ဒုဗိုလ်မှူးကြီး အောင်မျိုးနိုင်က ပုဒ်မ ၅၀၀၊ ၅၀၀/ ၃၄ ဖြင့် ကျောင်းသားကိုးဦးအား တရားစွဲဆိုခဲ့ရာ တစ်ဦးမှာ အမှုစတင်စွဲဆိုပြီး မကြာခင်မှာပင် ထွက်ပြေးသွားခဲ့သောကြောင့် ရှစ်ဦးကိုသာ အမိန့်ချမှတ်ခဲ့ကြောင်း၊ အောင်ခန့်ဇော်အပါအဝင် နှစ်ဦးအား ပုဒ်မ (၅၀၀)ဖြင့်အပြစ်ရှိကြောင်း ဆုံးဖြတ်ကာ ဒဏ်ငွေကျပ် ၅၀၀၀၀ နှင့် ဒဏ်ငွေမပေးဆောင်ပါက ထောင်ဒဏ်ခြောက်လ ကျခံရမည်ဟုလည်းကောင်း၊ ကျောင်းသားခြောက်ဦးအား ပုဒ်မ ၅၀၀/၃၄ အရ အပြစ်ရှိကြောင်းဆုံးဖြတ်ကာ ဒဏ်ငွေကျပ် ၃၀၀၀၀ ဖြင့် ဒဏ်ငွေမပေးဆောင်ပါက ထောင်ဒဏ်သုံးလ ကျခံရမည်ဟု အသီးသီးအမိန့်ချမှတ်ခဲ့ကြောင်း ပုသိမ်မြို့နယ် တရားသူကြီး ဦးဝင်းအောင်ထံမှ သိရသည်။

“စစ်သားတွေရဲ့ မိန်းမတွေကိုစွပ်စွဲတဲ့အတွက် ဟုတ်လည်းမဟုတ်တဲ့အတွက် ရာဇသတ်ကြီးပုဒ်မ ၄၉၉ အရ ကင်းလွတ်ခွင့်မရတဲ့အတွက် အပြစ်ပေးခဲ့ရတာပါ” ဟု တရားသူကြီး ဦးဝင်းအောင်က သုံးသပ်ပြောကြားခဲ့သည်။

အဆိုပါအမှုမှာ ဇန်နဝါရီ ၉ ရက်က ပုသိမ်ဟိုတယ်တွင် ပြုလုပ်သည့် ငြိမ်းချမ်းရေးထောက်ခံသည့် အလုပ်ရုံဆွေးနွေးပွဲတွင် သရုပ်ဖော်ပြသခဲ့သည့် ပြဇာတ်တွင် တပ်မတော်၏ဂုဏ်သိက္ခာ ညှိုးနွမ်းစေသည့် သရုပ်ဖော်မှုပါဝင်သည်ဟုဆိုကာ သရုပ်ဖော်ကပြခဲ့သည့် ကျောင်းသားကိုးဦးအား တပ်မတော်က ပုဒ်မ(၅၀၀)ဖြင့် တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ရာ ပုသိမ်မြို့နယ်တရားရုံးမှ ဇန်နဝါရီ ၂၅ ရက်က လက်ခံစစ်ဆေးခဲ့သည့်အမှုဖြစ်ပြီး ထွက်ပြေးခဲ့သည့် ကျောင်းသားတစ်ဦးအား ရာဇဝတ်ကျင့်ထုံး ၅၂၁ အရ တရားခံပြေးအမှုဖွင့်ထားကြောင်း သိရသည်။

Most Read

Most Recent