<

နှစ်ကြေးများ လစဉ် ရရှိလိုသဖြင့် လှိုင်သာယာမြို့နယ် ငွေပင်လယ် စက်မှုဇုန်ရှိ Running Tex အထည်ချုပ်စက်ရုံတွင် အလုပ်သမား ၆၀၀ ကျော် ဆန္ဒပြ

Running Tex အထည်ချုပ်စက်ရုံ အလုပ်သမားများ ဆန္ဒထုတ်ဖော်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်ဇေယျဖြိုး)

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ငွေပင်လယ်စက်မှုဇုန်၊ ဆိပ်ကမ်းသာလမ်းရှိ Running Tex အထည်ချုပ်စက်ရုံတွင် နှစ်ကြေးများ လစဉ်ရရှိလိုသဖြင့် အလုပ်သမား ၆၀၀ ကျော်သည် မတ် ၂၉ ရက်မှ စတင်ကာ ဆန္ဒပြတောင်းဆိုလျက် ရှိကြောင်း သိရသည်။

Running Tex အထည်ချုပ် စက်ရုံရှိ ဆန္ဒထုတ်ဖော်နေသည့် အလုပ်သမားများသည် နှစ်ကြေးအဖြစ် လုပ်သက် ခြောက်လပြည့်သူများကို ကျပ် ၂၅၀၀၊ လုပ်သက် တစ်နှစ်ရှိသူများကို ကျပ် ၅၀၀၀၊ လုပ်သက် နှစ်နှစ်ရှိသူများကို တစ်သောင်းကျပ် စသည်ဖြင့်ပေးရန် မတ် ၂၉ ရက်မှ ၃၁ ရက်အထိ စက်ရုံအတွင်း အလုပ်မလုပ်ဘဲ တောင်းဆိုခဲ့ကြသည်။ ယင်းသို့ အလုပ်သမားများ၏ တောင်းဆိုမှုကို စက်ရုံတာဝန်ရှိသူများက လိုက်လျောပေးခြင်း မရှိသည့်အတွက် ဧပြီ ၁ ရက်မှ စတင်ကာ စက်ရုံရှေ့ထွက်၍ ဆန္ဒပြ တောင်းဆိုနေကြခြင်း ဖြစ်ကြောင်း သိရသည်။

“စက်ရုံထဲမှာ သုံးရက် အလုပ်မလုပ်ဘဲ ဆန္ဒပြခဲ့တယ်။ ပြီးတော့ အပြင်ထွက်ပြီး ဆန္ဒပြနေတာ သုံးရက်ရှိပြီ။ ကျွန်မတို့ အလုပ်သမားတွေ ဆန္ဒပြ တောင်းဆိုနေတာက နှစ်ကြေးတစ်ခုတည်း ရရှိဖို့အတွက်ပဲ။ အလုပ်ရှင်က တစ်နှစ်ကို ခြောက်သောင်း၊ ရှစ်သောင်း နှစ်ကြေးပေးမယ်လို့ ပြောတယ်။ကျွန်မတို့ အလုပ်သမားတွေ အားလုံးက နှစ်ကြေးကို တစ်လတစ်ခါ လိုချင်တယ်”ဟု Running Tex အထည်ချုပ်စက်ရုံရှိ ဆန္ဒထုတ်ဖော်နေသည့် အလုပ်သမားတစ်ဦးဖြစ်သူ မတင်တင်ဝေက ပြောကြားသည်။

ဆန္ဒပြ အလုပ်သမားများသည် နှစ်ကြေးကို လစဉ် ရရှိလိုခြင်းမှာ အလုပ်မှထွက်လျှင် နှစ်ကြေးနှုန်းထားကို မရရှိဘဲ နစ်နာမှု ဖြစ်လာနိုင်သည့်အတွက် လစဉ်ရရှိလိုခြင်း ဖြစ်ကြောင်း သိရသည်။

Running Tex အထည်ချုပ်စက်ရုံ ဆန္ဒပြ အလုပ်သမားများနှင့် စက်ရုံ တာဝန်ရှိသူများသည် လှိုင်သာယာမြို့နယ် အလုပ်သမားဆက်ဆံရေး ဦးစီးဌာနတွင် နှစ်ကြိမ် တိုင်တိုင် သွားရောက် ညှိနှိုင်းခဲ့သော်လည်း ပြေလည်မှု မရရှိသေးသဖြင့် ဧပြီ ၆ ရက် ထပ်မံ ညှိနှိုင်းရန် ချိန်းဆိုထားကြောင်း သိရသည်။

စက်ရုံရှိ အလုပ်သမား ၆၀၀ ကျော် နှစ်ကြေးရရှိရန် ဆန္ဒပြ တောင်းဆိုနေမှုနှင့် ပတ်သက်၍ Running Tex အထည်ချုပ်စက်ရုံရှိ တာဝန်ရှိသူ တစ်ဦးကို ဆက်သွယ်မေးမြန်းရာ ဖုန်းကိုင်ခဲ့သော်လည်း ပြန်လည်ဖြေဆိုခြင်း မရှိပေ။

Running Tex အထည်ချုပ်စက်ရုံသည် အီတလီနိုင်ငံသို့ တင်ပို့ရန် အင်္ကျီများ ချုပ်လုပ်သည့် စက်ရုံဖြစ်ကြောင်း သိရသည်။

April 4, 2018














Copy Protected by Chetan's WP-Copyprotect.