လူမှုဝန်ထမ်းဦးစီးဌာနက ရှမ်းပြည်နယ်မြောက်ပိုင်း ဒုက္ခသည်စခန်းများကို အလှူငွေ ကျပ်သန်း ၁၃၀ ကျော် သွားရောက်လှူဒါန်းမည်

လူမှုဝန်ထမ်းဦးစီးဌာနက ရှမ်းပြည်နယ်မြောက်ပိုင်း ဒုက္ခသည်စခန်းများကို အလှူငွေ ကျပ်သန်း ၁၃၀ ကျော် သွားရောက်လှူဒါန်းမည်
Published 5 April 2018

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းလေးခုအတွက် အလှူငွေ ကျပ်သန်းပေါင်း ၁၃၀ ကျော်ကို ဧပြီ ၇ ရက်မှ ၉ ရက်အထိ သွားရောက်လှူဒါန်းမည်ဖြစ်ကြောင်း ရှမ်းပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဝင်းမြတ်အေး ဦးဆောင်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများအပါအဝင် ဌာနမှတာဝန်ရှိသူများသည် ဧပြီ ၇၊ ၈၊ ၉ ရက်တို့တွင် ရှမ်း/ မြောက်ရှိ ကွတ်ခိုင်၊ နမ့်ခမ်းနှင့် နမ္မတူ၊ လောက်ကိုင် စစ်ဘေးရှောင်ဒုက္ခသည်စခန်းများကို အလှူငွေ ကျပ်သန်းပေါင်း ၁၃၀ ကျော် သွားရောက်လှူဒါန်းကြမည်ဖြစ်ကြောင်း သိရသည်။

ရှမ်း/မြောက်လောက်ကိုင်ဒေသရှိ စစ်ဘေးရှောင် ၆၅၇ ဦးအတွက် တစ်အိမ်ထောင်စုလျှင် ငွေကျပ်နှစ်သိန်းနှုန်းဖြင့် အလှူငွေပေါင်းကျပ်သန်း ၁၃၀ ကျော်၊ ကွတ်ခိုင်၊ နမ့်ခမ်းနှင့် နမ္မတူတို့ စစ်ဘေးရှောင်များအတွက် ကိုယ်ဝန်ဆောင်တစ်ဦးလျှင် ငွေကျပ်တစ်သိန်းနှုန်း၊ အသက် ငါးနှစ်အောက်အတွက် ကျပ်ငါးသောင်းနှုန်း၊ မသန်စွမ်းတစ်ဦးလျှင် ကျပ်တစ်သိန်းနှုန်းနှင့် အမျိုးသမီးဦးဆောင်သော အိမ်ထောင်စုတစ်စုအတွက် ငွေကျပ်ငါးသောင်းနှုန်းစီ၊ ကွတ်ခိုင်တွင် အိမ်ထောင်စုဦးရေပေါင်း ၁၃၇ စုအတွက် ငွေကျပ် ၇၅ သိန်းခွဲ၊ နမ့်ခမ်းတွင် အိမ်ထောင်စုပေါင်း ၂၇၁ စုအတွက် ငွေကျပ် ၁၆၂ သိန်း၊ နမ္မတူလီဆူကချင် နှစ်ချင်းကျောင်းရှိ အိမ်ထောင်စုပေါင်း ၁၀၁ စုအတွက် ငွေကျပ် ၅၄ သိန်းခွဲ၊ ၃ နေရာပေါင်း အိမ်ထောင်စု ၅၀၉ စုအတွက် စုစုပေါင်းအလှူငွေကျပ် ၂၉၂ သိန်းတို့ကို လှူဒါန်းသွားမည်ဖြစ်သည်။

“ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဝင်းမြတ်အေးနဲ့အတူ ရှမ်းပြည်နယ်အစိုးရ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်နဲ့အတူ လူမှုဝန်ထမ်းညွှန်မှူး၊ သဘာဝဘေးစီမံခန့်ခွဲရေးညွှန်မှူးတို့ ဧပြီ ၇ ရက်ကနေ ၉ ရက်အထိ သွားရောက်လှူဒါန်းသွားမှာဖြစ်ပါတယ်။ အဲဒီမှာ ကွတ်ခိုင်ကမ့်မှာ ကိုယ်ဝန်ဆောင်များ၊ အသက်ငါးနှစ်အောက် ကလေးများ၊ မသန်စွမ်းများ၊ အမျိုးသမီးဦးဆောင်သော အိမ်ထောင်စုများအတွက်ဆိုပြီးတော့ သီးခြားစီခွဲပြီး လှူဒါန်းမှာ ၂၉၂ သိန်း ငါးသောင်းလှူဒါန်းမှာ ဖြစ်တယ်။ နောက်ပြီးလောက်ကိုင်အဝင်မှာ အိမ်ခြေတွေပါ ဆောက်ပေးထားတယ်။ အိမ်ထောင်စု ၆၅၇ ဦးကို နှစ်သိန်းစီဆိုတော့ ကျပ်သိန်းပေါင်း ၁၃၀၀ ကျော်ပေါ့” ဟု ရှမ်းပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းဦးက ပြောကြားသည်။

ရှမ်းပြည်နယ်အတွင်း စစ်ဘေးရှောင် ဒုက္ခသည်များအတွက် ရှမ်းပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ရှစ်ကြိမ်ခန့် သွားရောက်လှူဒါန်းခဲ့ပြီး၊ ယခုအခါ ပြည်ထောင်စုဝန်ကြီးနှင့် ရှမ်း/မြောက်တွင် သွားရောက်လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။ ရှမ်းမြောက်ရှိ မြို့ခုနစ်ခုတွင် စစ်ဘေးရှောင် ဒုက္ခသည်စခန်း ခုနစ်နေရာရှိပြီး ကျောက်မဲတွင် ၂၂၈ ဦး၊ သီပေါ ၃၀၀ ကျော်၊ လားရှိုးရှမ်းကျောင်းတွင်လည်း စစ်ဘေးရှောင်များ ကျန်ရှိသေးကြောင်း သိရသည်။

ရှမ်း/တောင်တွင် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်နှင့် မောက်မယ်မြို့နယ်အကြားရှိ နားဟီးဒုက္ခသည်စခန်း၊ မိုင်းရှူးမြို့နယ် ဟိုက်ပါ ဒုက္ခသည်စခန်းတို့ရှိပြီး ရှမ်း/မြောက်တွင် ကျောက်မဲ၊ သီပေါ၊ လားရှိုး၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ နမ္မတူနှင့် လောက်ကိုင်ဒေသတို့တွင် စစ်ဘေးရှောင်စခန်းများရှိကြောင်း သိရသည်။

Most Read

Most Recent