ကျိုက်မရောမြို့နယ် ဘိလပ်မြေစက်ရုံကြောင့် သယံဇာတများ ကုန်ဆုံးသော်လည်း အခွန်မရရှိမှုအခြေအနေကို နယ်မြေခံလွှတ်တော်ကိုယ်စားလှယ်က မွန်ပြည်နယ်အစိုးရအား ဆွေးနွေးတင်ပြ

ကျိုက်မရောမြို့နယ် ဘိလပ်မြေစက်ရုံကြောင့် သယံဇာတများ ကုန်ဆုံးသော်လည်း အခွန်မရရှိမှုအခြေအနေကို နယ်မြေခံလွှတ်တော်ကိုယ်စားလှယ်က မွန်ပြည်နယ်အစိုးရအား ဆွေးနွေးတင်ပြ
Published 5 April 2018

ကျိုက်မရောမြို့နယ် အမှတ် ၁ မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့် ဆွေးနွေးစဉ်

ကျိုက်မရောမြို့နယ် ဘိလပ်မြေစက်ရုံကြောင့် သယံဇာတများကုန်ဆုံးသော်လည်း အခွန်မရရှိမှုအခြေအနေကို နယ်မြေခံလွှတ်တော်ကိုယ်စားလှယ်က မွန်ပြည်နယ်အစိုးရအား ဆွေးနွေးတင်ပြကြောင်း သိရသည်။

ကျိုက်မရောမြို့နယ်၏ သယံဇာတဖြစ်သော ဂဝံ၊ ရွှံ့စေးတို့ ဘိလပ်မြေစက်ရုံသုံး၍ ကုန်ဆုံးခဲ့သော်လည်း အခွန်မရရှိခြင်း၊ တရားမဝင် ထုံးကျောက်ဝယ်ယူမှုရှိနေခြင်းတို့ကို ကျိုက်မရောမြို့နယ် အမှတ်-၁ မဲဆန္ဒနယ်
ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်က ကျင်းပခဲ့သည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် နဝမအစည်းဝေး၊ ဘဏ္ဍာရေးရာကော်မတီ၏ တင်ပြချက်ကို ထောက်ခံဆွေးနွေးရာ၊ မွန်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးတွက် အခွန်အခရရှိရန် ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။

“အဓိကကတော့ ပြည်နယ်၏ ရသင့်ရထိုက်တဲ့အခွန်တွေကိုရရှိဖို့ ကျွန်မတို့ပြည်နယ်ရဲ့ သယံဇာတတွေကုန်သွားပြီး မရသေးတဲ့ အခွန်အခတွေအတွက် အစိုးရအဖွဲ့အနေနဲ့ မသိသေးတာရော၊ တစ်နည်းအားဖြင့် မေ့လျော့နေတဲ့အချက်တွေကို ထောက်ပြသွားမှာဖြစ်ပါတယ်။ အဓိကဖြည့်စွက်လိုတာကတော့ MCL စက်ရုံနဲ့ပတ်သက်ပြီး အခွန်အခတွေ ကျွန်မတို့ပြည်နယ်ကိုမရဘူး၊ ရန်ကုန်မှာရုံးစိုက်တဲ့ အခွန်ထမ်းကြီးများရုံးမှာ ပေးသွင်းတာမှန်တယ်။ သို့သော် ဒီကိစ္စကို လွှတ်တော်ထဲမှာပြောတာ ဒီတစ်ကြိမ်နဲ့ ဆိုနှစ်ကြိမ်ရှိပါပြီ။ MCL စက်ရုံသည်လုပ်ငန်းလုပ်ရာတွင် ထည့်ဝင်ရတဲ့ ထုံးကျောက်၊ ရွှံ့စေး၊ သဲ၊ ဂဝံအချိုးလိုက် ပါဝင်တဲ့နေရာမှာ ဂဝံနဲ့ပတ်သက်ပြီးတော့ မိုင်းမရှိပါဘူး။ ရွှံ့စေးနဲ့ပတ်သက်ပြီး မိုင်းမရှိ၊ သတ္တုတွင်းဝန်ကြီးဌာန၊ စစ်ဆေးတဲ့အခါ သတ္တုတွင်းက ပြောထားပါတယ်။ ရွှံ့စေးတွေကို ဘယ်ကယူသလဲ၊ သူတို့မြေကြီးထဲက ယူတယ်လို့ဖြေပါတယ်။ ဒီနေရာမှာ သတ္တုတွင်းဝန်ကြီးဌာနကပြောခဲ့တယ်။ ဒီရွှံ့စေးကို ကိုယ့်မြေမှာတူးယူလို့မရပါဘူး။ ပြည်နယ်၊ ခရိုင်ရုံးမှာမိုင်းဖြစ်တဲ့ ကျောက်အနေနဲ့ အခွန်ဆောင်ပါလို့ ပြောထားတယ်။ ဒီနေ့ထိဘာမှ မဆောင်ရသေးပါဘူး။ ဒါကိုလည်း လွှတ်တော်ဥက္ကဋ္ဌကတစ်ဆင့် အစိုးရအဖွဲ့ကို အစီရင်ခံစာပါ လိုအပ်ချက်အနေနဲ့ ဖြည့်စွက်ပါတယ်၊ MCL စက်ရုံတွင်းဆောက်လုပ်တဲ့ အဆောက်အဦးတွေ၊ ဒီနေ့ထိ အခွန်အခတစ်ပြားတစ်ချပ်မှ မရသေးပါဘူး။ ဒါကိုလည်း သတိပေးဘူးပါတယ်။ စက်ရုံထဲမှာ အဆောက်အအုံတွေ
ဆောက်ပြီးလို့ရှိရင် ဒါကိုအခွန်ရဖို့တွက် လုပ်သင့်တာကိုလုပ်ဖို့ ပြောတာပါ။ အခု လွှတ်တော်သက်တမ်း နှစ်နှစ်ကျော်လာပါပြီ။ ဒါကိုယနေ့ထိ အစိုးရဘက်ကတာဝန်များလို့ မေ့လျော့နေတယ်လို့ယူဆပါတယ်။ ခုတစ်ကြိမ် လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် ထပ်မံအကြံပြုပါတယ်။ MCL စက်ရုံကြီးအတွက် ခွင့်ပြုတဲ့ ပျားတောင်ကကျောက်မိုင်း ထုံးကျောက်အပြင် တရားမဝင်ကျောက်တွေကို ခိုးသွင်းပြီးတော့ ထုတ်လုပ်နေပါတယ်လို့ တစ်ကြိမ်အသိပေး သတိပေးခဲ့ဖူးပါတယ်။ မနေ့တုန်းကပဲ အဲဒီဘက်ဒေသမှာရှိတဲ့ လက်နက်ကိုင်အကြီးအကဲတွေ ကျွန်မကိုအကြောင်းကြားပါတယ်။ ဒါတွေကလည်း မဖြစ်သင့်ပါဘူး။ ဒီကနေ့လွှတ်တော်မှာ တရားဝင်အကြံပြုတဲ့အတွက်ကြောင့်မို့လို့ ယခု
ကျွန်မပြောနေတဲ့စကားတွေ၊ ကျွန်မတို့သယံဇာတတွေ ဆုံးရှုံးသွားလို့ မွန်ပြည်နယ်အတွက် ဘာမှအခွန်အခမရလိုက်တဲ့ အချက်တွေရှိနေတဲ့အတွက်ကြောင့် အလေးထားပြီးတော့ ဆောင်ရွက်ပေးစေချင်ပါတယ်လို့ ကျွန်မဖြည့်စွက်ပါတယ်” ဟု ကျိုက်မရောမြို့နယ် အမှတ်- ၁ မဲဆန္ဒနယ်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်က ဆိုသည်။

အခွန်ထမ်းဆောင်မှုနှင့်ပတ်သက်ပြီး MCL စက်ရုံသို့ ဆက်သွယ်မေးမြန်းရာ “ကုန်ကြမ်း ဂဝံ၊ ရွှံ့စေးမြေတို့အတွက် အခွန်ဆောင်ရန် မော်လမြိုင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လာရောက်စစ်ဆေးထားပြီး သတ္တုတွင်းဦးစီးဌာန၏ သဘောထားမှတ်ချက် တောင်းခံထားကြောင်း၊ အဆောက်အအုံများအတွက် ကျိုက်မရောမြို့နယ် အခွန်ဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေးပြီး သက်ဆိုင်ရာဌာနသို့ တင်ပြဆောင်ရွက်နေကြောင်း၊ တရားမဝင် ထုံးကျောက်ဝယ်ယူမှုမရှိကြောင်း၊ MCL အနေနှင့် သတ်မှတ်အခွန်ကို ဆောင်နေကြောင်း ၂၀၁၄ ခုနှစ်တွင် အခွန်ဆောင်မှု ကျပ်သန်း ၁၁၈၊ ၂၀၁၅ ခုနှစ်တွင် ကျပ်သန်း ၂၈၈၊ ၂၀၁၆ ခုနှစ်တွင် ကျပ်သန်း ၂၂၇၁၊ ၂၀၁၇ ခုနှစ်တွင် (လျာထား) ကျပ်သန်း ၈၂၀၉ ဖြစ်ကြောင်း ဦးဇော်လွင်ဦး (အမှုဆောင်ဒါရိုက်တာ MCL) က ဆိုသည်။

Most Read

Most Recent