ငဖဲမြို့နယ်ရှိ နတ်ရေကန်တောင်ဒေသတွင် ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်းတစ်ခု ဖော်ဆောင်သွားမည်ဟုဆို

ငဖဲမြို့နယ်ရှိ နတ်ရေကန်တောင်ဒေသတွင် ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်းတစ်ခု ဖော်ဆောင်သွားမည်ဟုဆို
Published 5 April 2018

(ဓာတ်ပုံ -ဟိုတယ်/ခရီး)

နိုင်ငံခြားခရီးသွားများ လာရောက်လည်ပတ်နိုင်ရန်အတွက် မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ်ရှိ နတ်ရေကန်တောင်ဒေသတွင် လူထုအခြေပြု ခရီးသွားလုပ်ငန်းတစ်ခုကို ဖော်ဆောင်မည်ဖြစ်ကြောင်း မကွေးတိုင်း ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

အဆိုပါ ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်းအား ငဖဲမြို့နယ်မြေလတ်ရွာကို အခြေပြုပြီး ဘုံးဘော၊ စွန်တက်၊ ဂုတ်ကြီး စသည့်ကျေးရွာများတွင် ဖော်ဆောင်သွားရန် စီစဉ်ထားကြောင်း သိရသည်။

“၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှ ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်းနှစ်ခု ဖော်ဆောင်ဖို့ စီစဉ်ထားပါတယ်။ တစ်ခုက ထီးလင်းမြို့နယ်ကပါ။ နောက်တစ်ခုက ငဖဲမြို့နယ် နတ်ရေကန်တောင်ဒေသမှာပါ။ လက်ရှိမှာတော့ ထီးလင်းမြို့နယ်က လုပ်ငန်းက ဖွင့်လှစ်နိုင်ဖို့ အဆင်သင့်ဖြစ်နေတဲ့ အနေအထားမှာရှိနေပါပြီ။ နတ်ရေကန်တောင် ဒေသကတော့လည်း လုပ်နေပါပြီ။ ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်းက ရပ်ရွာလူထုကပဲ ဦးဆောင်ပြီး လုပ်ရတဲ့လုပ်ငန်းတစ်ခုပါ။ ဒီလုပ်ငန်းရဲ့ အကျိုးအမြတ်ကိုလဲ သူတို့ပဲရကြမှာပါ” ဟု မကွေးတိုင်းဟိုတယ်နှင့်ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးမှူး ဦးမြင့်စိန်က ပြောကြားသည်။

ငဖဲမြို့နယ် နတ်ရေကန်တောင်ဒေသသည် တောင်ပေါ်ဒေသတစ်ခုဖြစ်ပြီး အမြင့်ပေ သုံးထောင်ကျော်ရှိသော ဒေသဖြစ်ကာ ချင်းတိုင်းရင်းသားများ အများစုနေထိုင်သော ဒေသဖြစ်၍ ချင်းရိုးရာယဉ်ကျေးမှုများ သဘာဝအလှအပများကိုလည်း ခံစားနိုင်သော ဒေသတစ်ခုဖြစ်ကြောင်း သိရသည်။

မကွေးတိုင်းတွင် ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်းမျာကို မြိုင်မြို့နယ်အတွင်းနှင့် စလေမြို့နယ်များတွင် အကောင်အထည်ဖော်ပြီးဖြစ်ကာ မြိုင်မြို့နယ် ခရီးသွားလုပ်ငန်းမှာ တစ်နှစ်ပျမ်းမျှ ကမ္ဘာလှည့်ခရီးသွားဦးရေ ၈၀၀ ခန့်အထိ လာရောက်လည်ပတ်မှုများ ရှိနေကြောင်း သိရသည်။

Most Read

Most Recent