ကားမီးလောင်မှုမှ သေဆုံးသူအလုပ်သမား ၂၀ ၏ နာရေးကိစ္စများကို မိသားစုဝင်များသဘောအတိုင်း ဆောင်ရွက်ပေးမည်ဟု ထုတ်ပြန်

ကားမီးလောင်မှုမှ သေဆုံးသူအလုပ်သမား ၂၀ ၏ နာရေးကိစ္စများကို မိသားစုဝင်များသဘောအတိုင်း ဆောင်ရွက်ပေးမည်ဟု ထုတ်ပြန်
Published 5 April 2018

ထိုင်းနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်ရန် မြန်မာအေဂျင်စီ Stars Pioneer Co.,Ltd မှတစ်ဆင့်ပို့ဆောင်သည့် MoU အလုပ်သမား ၄၇ ဦး တင်ဆောင်လာသည့် ယာဉ်သည် မတ် ၃၀ ရက် နံနက်က မဲဆောက်မြို့အလွန် တောင်ပေါ်မှအဆင်းလမ်းတွင် မီးလောင်ကျွမ်းခဲ့သဖြင့် ယာဉ်ပေါ်ပါလာသူ ၄၇ ဦးအနက် မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၀ မီးလောင်သေဆုံးခဲ့ကာ အလုပ်သမားအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် Tak ခရိုင်ဆေးရုံကြီးသို့ အရေးပေါ်ပို့ဆောင်ခဲ့ရသည်။ အဆိုပါဖြစ်စဉ်တွင် သေဆုံးခဲ့သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၀ နှင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အလုပ်သမားများကိစ္စနှင့် ပတ်သက်ပြီး ဘန်ကောက်မြို့ အလုပ်သမားသံအရာရှိရုံးက ဆက်လက်ညှိနှိုင်း ဆောင်ရွက်ပေးနေကြောင်း သတင်းထုတ်ပြန်သည်။

သေဆုံးသွားသည့် အလုပ်သမားများ၏ မိသားစုဝင်များအနက် ဆက်သွယ်ရရှိသည့် မိသားစုဝင်များ လာရောက်နိုင်ရေး၊ သေဆုံးသူများ၏ ရုပ်အလောင်းများသည် မည်သူမည်ဝါဖြစ်ကြောင်း ပုံဖော်မရရှိခြင်းကြောင့် ၎င်းတို့၏ မိသားစုဝင်များနှင့် DNA စစ်ဆေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးခြင်း၊ သေဆုံးသူများအတွက် ကျန်ရစ်သူမိသားစုများ ခံစားခွင့်ရှိသည့် ခံစားခွင့်များရရှိရန် အလုပ်သမားသံအရာရှိများမှ သက်ဆိုင်ရာဌာနများနှင့် ဆက်လက်ညှိနှိုင်း ဆောင်ရွက်ပေးခြင်းများကို ပြုလုပ်ပေးထားကြောင်း ထုတ်ပြန်ခဲ့သည်။

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် MoU စနစ်ဖြင့် လာရောက်စဉ် မော်တော်ယာဉ် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုမှ လွတ်မြောက်လာသူများအနက် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် ဆန္ဒရှိသူများအား ဆက်လက်အလုပ်လုပ်ကိုင်နိုင်ရေးနှင့် လုပ်ကိုင်လိုခြင်းမရှိသည့် အလုပ်သမားများ မြန်မာနိုင်ငံသို့ ပြန်နိုင်ရေးနှင့် အခြားခံစားခွင့်များရရှိရေးအတွက် သက်ဆိုင်ရာအေဂျင်စီများနှင့် ညှိနှိုင်းဆောင်ရွက်ပေးမည့်အပြင် သေဆုံးသူများ၏ DNA များကို စစ်ဆေးပြီးနောက် နာရေးကိစ္စရပ်များကို မိသားစုဝင်များ၏ သဘောဆန္ဒအတိုင်း ဆက်လက်ညှိနှိုင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး အလုပ်သမားသံအရာရှိရုံးမှ သတင်းထုတ်ပြန်ခဲ့သည်။

Most Read

Most Recent