ပြည်လမ်းမပေါ်ရှိ ဆေးတက္ကသိုလ် (၁) ရှေ့မျက်နှာစာတွင် စီးပွားဖြစ်မဏ္ဍပ်ဆောက်လုပ်မှု တက္ကသိုလ်က ကန့်ကွက်ခဲ့ပြီးနောက် မဏ္ဍပ်ဆောက်လုပ်ခွင့် တရားဝင်ပိတ်သိမ်း

ပြည်လမ်းမပေါ်ရှိ ဆေးတက္ကသိုလ် (၁) ရှေ့မျက်နှာစာတွင် စီးပွားဖြစ်မဏ္ဍပ်ဆောက်လုပ်မှု တက္ကသိုလ်က ကန့်ကွက်ခဲ့ပြီးနောက် မဏ္ဍပ်ဆောက်လုပ်ခွင့် တရားဝင်ပိတ်သိမ်း
Published 5 April 2018

ဆေးတက္ကသိုလ် (၁) ရှေ့မျက်နှာစာတွင် စီးပွားဖြစ်မဏ္ဍပ် ဆောက်လုပ်မှု ရပ်နားထားသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူ)

ပြည်လမ်းမပေါ်ရှိ ဆေးတက္ကသိုလ် (၁) ကျောင်းရှေ့မျက်နှာစာတွင် စီးပွားဖြစ်မဏ္ဍပ်ဆောက်လုပ်မှုနှင့် ပတ်သက်၍ တက္ကသိုလ်ဘက်မှ ကန့်ကွက်ခဲ့ပြီးနောက် မဏ္ဍပ်ဆောက်လုပ်ခွင့် တရားဝင်ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း ဆေးတက္ကသိုလ် (၁) ကျောင်းသားသမဂ္ဂမှ မတ် ၄ ရက်က အသိပေးကြေညာချက် ထုတ်ပြန်ခဲ့သည်။

ပြည်လမ်းမပေါ်ရှိ ဆေးတက္ကသိုလ် (၁) ကျောင်းရှေ့မျက်နှာစာတွင် စီးပွားဖြစ်မဏ္ဍပ် ဆောက်လုပ်မှုနှင့်ပတ်သက်၍ ကန့်ကွက်ကြောင်း အသိပေးကြေညာချက်ကို မတ် ၃ ရက် ညပိုင်းက ဆေးတက္ကသိုလ် (၁) ကျောင်းသားသမဂ္ဂက ထုတ်ပြန်ကြေညာကြောင်း၊ အဆိုပါကြေညာချက်တွင် ဆေးတက္ကသိုလ် (၁) ပြည်လမ်း Campus မျက်နှာစာ၌ စီးပွားဖြစ် သြင်္ကန်မဏ္ဍပ်ဆောက်လုပ်ခြင်း၊ တက္ကသိုလ်ဝင်းအတွင်း ကားပါကင်နှင့် Food Court၊ အဖျော်ယမကာအတွက် နေရာများထားရှိခြင်းတို့ကို ဆေးတက္ကသိုလ် (၁) ပါမောက္ခချုပ်၊ ပါမောက္ခ/ဌာနမှူးများ၊ ဆေးတက္ကသိုလ် (၁) ကျောင်းသားသမဂ္ဂနှင့် ကျောင်းသားကျောင်းသူများအားလုံးက လုံး၀ လုံး၀ သဘောမတူဘဲ တပေါင်းတစည်းတည်း ကန့်ကွက်ကြောင်းနှင့် အေးချမ်းစွာပညာသင်ကြားရသည့် တက္ကသိုလ်ဝင်းအတွင်း မည်သည့်အချိန်တွင်မျှ ဤကဲ့သို့ပြုမူခြင်းကို မည်သည့်အချိန်အခါကာလတွင်မျှ လက်ခံနိုင်ခြင်းမရှိဘဲ ယခုကိစ္စကိုလည်း ကျောင်းအာဏာပိုင် အဖွဲ့နှင့်တာဝန်ရှိသူများက ဖြေရှင်းဆောင်ရွက်နေကြောင်း ကြေညာချက်တွင် ရေးသားထားသည်။

ထိုကဲ့သို့ ကြေညာချက်ထုတ်ပြန်ခဲ့ပြီး မတ် ၄ ရက်၊ နံနက်ပိုင်းက ဆေးတက္ကသိုလ် (၁)၊ ပါမောက္ခချုပ်က သက်ဆိုင်ရာတာဝန်ရှိသူများ၊ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် အရေးပေါ် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း၊ အဆိုပါတွေ့ဆုံမှုအပြီး ဆေးတက္ကသိုလ် (၁) ကျောင်းသားသမဂ္ဂက အသိပေး ကြေညာချက်အမှတ်စဉ် (၂) ကို ထုတ်ပြန်ကြေညာခဲ့ကြောင်းနှင့် ယင်းကြေညာချက်တွင် ဆေးတက္ကသိုလ် (၁) ပြည်လမ်း၌ စီးပွားဖြစ်မဏ္ဍပ်ဆောက်လုပ်မှုကို တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့၊ ကျောင်းသားသမဂ္ဂ၊ ကျောင်းသားကျောင်းသူများအားလုံးနှင့် ကျောင်းသားကျောင်းသူဟောင်းများအသင်းတို့က တစုတစည်းတည်းပင် ကန့်ကွက်ကြောင်း၊ ထိုသို့ကန့်ကွက်မှုနှင့်အတူ မဏ္ဍပ်ဆောက်လုပ်မှုကို ပြန်လည်ပိတ်သိမ်းကြောင်း အစိုးရအဖွဲ့နှင့်အတူ ဆောင်ရွက်ပြီးဖြစ်ကြောင်းနှင့် ဆေးတက္ကသိုလ် (၁) ပြည်လမ်းတွင် စီးပွားဖြစ်မဏ္ဍပ် လုံးဝရှိတော့မည်မဟုတ်ကြောင်း အသိပေးကြေညာခဲ့သည်။

“ဒီနေ့ဆရာကြီးက ကျွန်တော်တို့ကို ခေါ်ပြောပါတယ်။ ဒီကိစ္စကို ဖြေရှင်းပြီးသွားပြီ။ အစိုးရပိုင်းကလည်း ဒီဟာကို ခွင့်မပြုတော့ဘူးလို့ပြောပါတယ်။ မနေ့ညက Facebook မှာ Post တက်လာတော့မှ ဒီကိစ္စကိုသိတာပါ။ အခုက မူးယစ်သောက်စားနေတာမျိုးတွေလည်း မလိုလားဘူး။ ကျောင်းသားတွေလည်း ပါဝင်တာမဟုတ်ဘူး။ ပြီးတော့ စီးပွားဖြစ်လုပ်မယ့် မဏ္ဍပ်မျိုးဆိုတော့ ကျွန်တော်တို့အနေနဲ့ မထောက်ခံပါဘူး။ ကျွန်တော်တို့ တက္ကသိုလ်မှမဟုတ်ပါဘူး။ ဘယ်တက္ကသိုလ်မဆို တက္ကသိုလ်ပရဝဏ်မှာ သတ်မှတ်ထားတဲ့ စည်းကမ်းတွေရှိတယ်။ ဒါတွေနဲ့သွေဖည်နေသလို ဖြစ်နေတာပေါ့။ ယဉ်ကျေးမှုက တစ်ပိုင်းလေ။ ဒါက ကျောင်းဝင်းဖြစ်နေတော့ ကျောင်းရဲ့ခွင့်ပြုချက်တို့ဘာတို့နဲ့ စနစ်တကျပဲ လုပ်စေချင်တယ်။ ဆရာတွေပြောတာကတော့ သူတို့လည်း ဒီမဏ္ဍပ်ဆောက်မယ့်ကိစ္စကို မသိဘူးလို့ ပြောပါတယ်” ဟု ဆေးတက္ကသိုလ် (၁) ကျောင်းသားသမဂ္ဂမှဥက္ကဋ္ဌ မောင်ပြည့်ပိုင်ဟိန်းက ပြောကြားသည်။

“ဆေးတက္ကသိုလ် (၁) ဝင်းရှေ့မျက်နှာစာမှာ မဏ္ဍပ်ဆောက်ဖို့ဆိုပြီး လျှောက်ထားတာတော့ရှိတယ်။ လျှောက်ထားတဲ့သူက ဦးအောင်ဗိုလ်ဟိန်းနာမည်နဲ့ပါ။ မဏ္ဍပ်အမည်ကတော့ ကျွန်တော်မမှတ်မိလို့ပါ။ မဏ္ဍပ်ဆောက်ဖို့ တက္ကသိုလ်ဘက်က ကန့်ကွက်တယ်ဆိုရင်တော့ ကျွန်တော်တို့ဘက်က ပါမစ်ထုတ်ပေးဖို့ အစီအစဉ်မရှိပါဘူး။ အခုက လျှောက်ထားဆဲအဆင့်ပဲ ရှိသေးတာပါ” ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) မှ လက်ထောက်အင်ဂျင်နီယာ ဦးသန်းဟုတ်က ပြောကြားသည်။

ယခုနှစ်သြင်္ကန်တွင် ရန်ကုန်မြို့၌ ရေကစားမဏ္ဍပ် ၆၆ ခု ချပေးထားကြောင်း ဧပြီ ၃ ရက်က ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ထုတ်ပြန်ကြေညာထားသည်။

Most Read

Most Recent