မြွေဆိပ်ဖြေဆေးများကို အရည်ပုံစံအစား သိုလှောင်ထိန်းသိမ်း သယ်ယူရန်လွယ်ကူသည့် အေးခဲခြောက်ပုံစံဖြင့် ထုတ်လုပ်နေပြီး လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံသို့ တင်ပို့ရောင်းချ

မြွေဆိပ်ဖြေဆေးများကို အရည်ပုံစံအစား သိုလှောင်ထိန်းသိမ်း သယ်ယူရန်လွယ်ကူသည့် အေးခဲခြောက်ပုံစံဖြင့် ထုတ်လုပ်နေပြီး လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံသို့ တင်ပို့ရောင်းချ
Published 5 April 2018

ဆေးဝါးစက်ရုံ (အင်းစိန်) မှ ထုတ်လုပ်သော မြွေဆိပ်ဖြေဆေးများအား တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဖြိုး)

ဆေးဝါးစက်ရုံ (အင်းစိန်)မှ ထုတ်လုပ်သော မြွေဆိပ်ဖြေဆေးများကို အရည်ပုံစံအစား သိုလှောင်ထိန်းသိမ်း သယ်ယူရန်လွယ်ကူသည့် မြွေဆိပ်ဖြေဆေး အေးခဲခြောက်ပုံစံဖြင့်လည်း ထုတ်လုပ်လျက်ရှိပြီး လက်ရှိ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း ဆေးဝါးစက်ရုံ (အင်းစိန်) မှ သိရသည်။

စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးလုပ်ငန်း၊ ဆေးဝါးစက်ရုံ (အင်းစိန်) မှ မြွေဆိပ်ဖြေဆေးများကို ယခုနှစ်မှစ၍ ဆေးလုံးရေတစ်သိန်းအထိ တိုးမြှင့်ထုတ်လုပ်ရန် လျာထားဆောင်ရွက်ခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် မြွေကိုက်ခံရမှု အန္တရာယ်အရှိဆုံးမှာ ကျေးလက်နေတောင်သူများဖြစ်ပြီး မြွေကိုက်ခံရမှုများတွင် မြွေပွေးကိုက်ခံရသူ အရေအတွက်အများဆုံးဖြစ်ကြောင်း၊ ဆေးဝါးစက်ရုံအနေဖြင့် နှစ်စဉ် မြွေပွေးအဆိပ်ဖြေဆေး ကိုးသောင်း၊ မြွေဟောက်အဆိပ်ဖြေဆေး တစ်သောင်း ထုတ်လုပ်မည်ဖြစ်ကြောင်း၊ နောက်ပိုင်းတွင် ဝေးလံခေါင်ဖျားဒေသနှင့် ကျေးလက်များသို့ ယင်းဆေးများ ပေးပို့အသုံးပြုရာ၌ အဆင်ပြေစေရန် မြွေဆိပ်ဖြေဆေးရည်သာမက သာမန်အခန်းအပူချိန်တွင် သိမ်းဆည်းထားနိုင်သည့် အေးခဲခြောက်ပုံစံဖြင့်လည်း ထုတ်လုပ်ဖြန့်ချိပေးလျက်ရှိကြောင်း သိရသည်။

“မြွေဆိပ်ဖြေဆေး ထုတ်လုပ်တဲ့အခါမှာ မြွေဆိပ်ကိုပဲအသုံးပြုရတယ်။ အဲဒီအဆိပ်ကို ကြားခံသတ္တဝါဖြစ်တဲ့ မြင်း သို့မဟုတ် သိုးကို ထိုးသွင်းပေးရတယ်။ ထိုးသွင်းလိုက်တဲ့အခါမှာလည်း ၀ ဒသမ ၅ ကနေ ၁၀ မီလီဂရမ်အထိ နှစ်ပတ်ခြားစီ ထိုးသွားပြီး ၁၂ ပတ် မြောက်တဲ့အချိန်မှာ မြင်းသွေးကိုထုတ်ယူပြီး အဲဒီသွေးကနေ မြွေဆိပ်ကိုဖြေနိုင်စွမ်း ရှိ မရှိ စစ်တယ်။ ခြေဖျက်နိုင်စွမ်းရှိသွားပြီဆိုရင် မြင်းရဲ့ သွေးရည်ကြည်ကိုထုတ် Red Blood Cell ကို အနည်ထိုင်လိုက်ပြီး မြင်းတွေ အားအင်မကုန်ခန်းအောင် ပြန်ထိုးပေးလိုက်တယ်။ မြွေဆိပ်ဖြေဆေးကို ချေဖျက်နိုင်စွမ်းရှိသွားတဲ့ သွေးရည်ကြည်ကို မြွေဆိပ်ဖြေဆေးရအောင် အဆင့်ဆင့်ထုတ်လုပ်ရတာဖြစ်ပါတယ်။ မြွေဆိပ်ဖြေဆေးစတင်ရရှိဖို့အတွက် မြင်းကို စထိုးလိုက်တဲ့ အချိန်ကစပြီး ဖြေဆေးထွက်လာသည်အထိ အနည်းဆုံးအချိန်ခုနစ်လကြာပါတယ်” ဟု ဆေးဝါးစက်ရုံ (အင်းစိန်) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြွေဆိပ်ဖြေဆေး ထုတ်လုပ်ရန်အတွက် မှော်ဘီမြို့နယ်တွင် မြင်းများ၊ မြွေများ သိုလှောင်မွေးမြူထားကြောင်းနှင့် မြွေဆိပ်ဖြေဆေးထုတ်လုပ်ရန်အတွက် နှစ်စဉ်တင်ဒါများခေါ်ယူကာ အဆိုပါတိရစ္ဆာန်များ ဝယ်ယူခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မြွေဆိပ်ဖြေဆေးကို စက်မှုဝန်ကြီးဌာနမှ ထုတ်လုပ်လျက်ရှိပြီး မြွေဆိပ်ဖြေဆေးထုတ်လုပ်ရာတွင် အသုံးပြုမည့် မြွေဆိပ်အတွက် လိုအပ်သည့်သုတေသနလုပ်ငန်းများကိုမူ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ မြွေဆိပ်သုတေသနလုပ်ငန်းနှင့် မြွေဆိပ်ဖြေဆေးထုတ်လုပ်ခြင်းဆိုင်ရာ နည်းပညာလုပ်ငန်းများကို ဘရာဇီးနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent