ပဲခူးမြို့တွင် လမ်းလယ်မီးပွိုင့်ပြုလုပ်ရန် မြေကြီးကို ဘက်ဟိုးဖြင့် တူးဖော်ရာမှ ၉ မမ ကျည်အဟောင်း ၁၅၀ တွေ့ရှိ

ပဲခူးမြို့တွင် လမ်းလယ်မီးပွိုင့်ပြုလုပ်ရန် မြေကြီးကို ဘက်ဟိုးဖြင့် တူးဖော်ရာမှ ၉ မမ ကျည်အဟောင်း ၁၅၀ တွေ့ရှိ
Published 5 April 2018

ပဲခူးမြို့လယ်တွင် ဧပြီ ၃ ရက် ညနေ ၅ နာရီအချိန်ခန့်က မီးပွိုင့်အသစ် တည်ဆောက်ရန်အတွက် လမ်းလယ်ကျွန်းကို ဘက်ဟိုးနှင့်တူးဖော်ရာမှ ၉ မမ ကျည်ဆန်ဟောင်း ၁၅၀ တွေ့ရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဧပြီ ၃ ရက် မွန်းလွဲ ၃ နာရီ အချိန်ခန့်မှစတင်ကာ ပဲခူးမြို့လယ်ကောင် ရွှေမော်ဓောဘုရားလမ်းနှင့် ဆေးရုံလမ်းဆုံ လမ်းလယ်ကျွန်းအား ဘက်ဟိုးမောင်းသူ ဦးစောဆဲဖို အသက် (၄၉ နှစ်) ဆိုသူက ဘက်ဟိုးဖြင့် တူးဖော်နေခဲ့သည်။ ညနေ ၅ ခန့်ရောက်သောအခါ အနက်နှစ်ပေခန့်အရောက်၌ မြေသားများကိုကုတ်ပြီး လမ်းနံဘေး၌တင်စဉ် ဟောင်းနွမ်း၍ မြေကြီးများပေကျံနေသော ၉ မမ ကျည်ဆန်အတောင့် ၁၅၀ အား တွေ့ရှိခဲ့၍ ရုံးကြီးရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုးနိုင်ထံ ဖုန်းဆက်အကြောင်းကြားခဲ့သည်။

ထို့နောက် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုးနိုင်က ဦးတိုးအောင်နှင့် ဦးငွေရှိန်ဆိုသူ သက်သေနှစ်ဦးရှေ့တွင် ညနေ ၆ နာရီခန့်၌ ပဲခူးမြို့မစခန်းမှူး ဒုရဲမှူး ဦးနိုင်စိုးထံ ပေးအပ်ခဲ့သည်။

“မနေ့ညနေက မြို့လယ်က လမ်းလယ်ကျွန်းကို တူးဖော်ရင်း တွေ့ခဲ့တာမှန်ပါတယ်။ ၉ မမ ကျည် ၁၅၀ ပါ။ ဘက်ဟိုးတူးရင်း တွေ့တာပါ။ ရှာဖွေပုံစံနဲ့ သိမ်းဆည်းပြီး ရဲလုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက်ဆောင်ရွက်နေပါတယ်” ဟု အမှတ် (၁) စခန်းမှူး ဒုရဲမှူး ဦးနိုင်စိုးက ပြောကြားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ပဲခူးမြို့မရဲခန်းတွင် ရှာဖွေပုံစံဖြင့်သိမ်းဆည်းပြီး ရဲစခန်းမှတ်ပုံတင် (၂) အမှတ်စဉ် ၁/၂၀၁၈ ၌ ရေးသွင်းသိမ်းဆည်းထားကြောင်း သိရသည်။

Most Read

Most Recent