ဖြူးမြို့နယ် ညောင်ပင်သာတွင် မိုးကြိုးပစ်၍ လူသေဆုံးမှု နှစ်ကြိမ်ဆက် ဖြစ်ပွား

ဖြူးမြို့နယ် ညောင်ပင်သာတွင် မိုးကြိုးပစ်၍ လူသေဆုံးမှု နှစ်ကြိမ်ဆက် ဖြစ်ပွား
Published 4 April 2018

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ညောင်ပင်သာတွင် ဧပြီ ၃ ရက်ညနေပိုင်းက မိုးရွာနေစဉ် မိုးကြိုးပစ်၍ လူသေဆုံးမှု နှစ်ကြိမ်ဆက် ဖြစ်ပွားခဲ့ကြောင်း ညောင်ပင်သာနယ်မြေရဲစခန်းမှ သိရသည်။

မိုးကြိုးပစ်သေဆုံးမှု အခြေအနေများနှင့် ပတ်သက်ပြီး ညောင်ပင်သာနယ်မြေရဲစခန်းမှူး ရဲအုပ်တင်စိုးက “ဖြစ်စဉ်က နှစ်ခုရှိတယ်။ တစ်ခုက ညောင်ပင်သာစခန်း သေမှုသေခင်းအမှတ်စဉ် ၂/၂၀၁၇ နဲ့ ဖွင့်ထားတယ်။ နောက်တစ်ခုကတော့ သေမှုသေခင်း အမှတ်စဉ် ၃/၂၀၁၈ ပေါ့။ မိုးရွာတာပေါ့။ မိုးရွာပြီးတော့ မိုးကြိုးပစ်တဲ့အခြေအနေပေါ့” ဟုပြောကြားသည်။

ဖြစ်စဉ်များမှာ ဧပြီ ၃ ရက် ညနေ ၄ နာရီကျော်က၊ ညောင်ပင်သာ၊ ရွာမ ၆ လမ်းနေ သူကိုအောင်ဌေး ၄၂ နှစ် (ဘ) ဦးချစ်မောင်၊ အုတ်လုပ်ငန်း (လုပ်သား) လုပ်ကိုင်သူသည် ရွာမ ၆ လမ်းအနီးရှိ အုတ်ဖုတ်လုပ်သည့် အုတ်တွင်းအတွင်း၌ မိုးကြိုးပစ်ခံရ၍ နားနှစ်ဘက်တွင် သွေးထွက်ဒဏ်ရာ၊ ရင်ဘတ်တွင် အရေခွံစုတ်ပြဲဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ကိုအောင်ဌေးအား မိုးကြိုးပစ်ခံရပြီး နောက်တစ်နာရီခွဲအကြာ ညနေ ၅ နာရီခွဲအချိန်၌ ညောင်ပင်သာအုပ်စု၊ ဂုံမင်းကွင်းကျေးရွာနေသူ မခိုင်ဇာဝင်း ၃၈ နှစ် (ဘ) ဦးကျော်မြင့် လယ်လုပ်သူမှာလည်း မိုးကြိုးပစ်ခံရ၍ ကျောကုန်းတွင် ခြောက်လက်မကျော်ခန့်ရှိသည့် အရေပြားလန်သည့်ဒဏ်ရာ (အခြားဒဏ်ရာမတွေ့ရှိ) ဖြင့် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ရဲစခန်း၏ရဲမှတ်တမ်းများအရ သိရသည်။

Most Read

Most Recent