မုံရွာခရိုင်နှင့် ယင်းမာပင်ခရိုင်တို့တွင် မိုးသက်လေပြင်း တိုက်ခတ်ခဲ့မှုကြောင့် ရာနှင့်ချီနေအိမ်များ ပျက်စီးခဲ့ပြီး အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာရရှိ

မုံရွာခရိုင်နှင့် ယင်းမာပင်ခရိုင်တို့တွင် မိုးသက်လေပြင်း တိုက်ခတ်ခဲ့မှုကြောင့် ရာနှင့်ချီနေအိမ်များ ပျက်စီးခဲ့ပြီး အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာရရှိ
Published 4 April 2018

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်နှင့် ယင်းမာပင်ခရိုင်တို့တွင် ဧပြီ ၃ ရက် ညနေပိုင်းက မိုးသက်လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် ရာနှင့်ချီနေအိမ်များ ပျက်စီးခဲ့ပြီး အမျိုးသမီးနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မုံရွာမြို့ အလုံစစ်ပင်ရပ်ကွက်တွင် လူနေအိမ်အချို့ အမိုးလန်ခြင်း၊ ပြိုကျပျက်ဆီးခြင်း၊ သစ်ပင်ကြီးအချို့ပြိုလဲခြင်း၊ သစ်ကိုင်းများ ကျိုးကျခဲ့ခြင်းကြောင့် ယာယီလမ်းပိတ်ဆို့မှုဖြစ်ပေါ်ခဲ့ကြောင်း အရာတော်မြို့တော် ညောင်ခြေထောက်ကျေးရွာတွင် မိုးသီးများ ကြွေကျခဲ့ခြင်းကြောင့် အိမ်ခြေ ၁၀ လုံးထက်မနည်း ပျက်ဆီးခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန တိုင်းညွှန်ကြားရေးမှူး ဦးစဝီလီဖရန့်က ဆိုသည်။

ထို့ပြင် ယင်းမာပင်ခရိုင် အောင်ဇေယျမြို့သစ်ရှိ ရွှေတောင်ဦးဘုရား၏ ငြမ်းများယိုင်လဲခြင်း၊ ထီးတော်ပြုတ်ကျပျက်စီးနှင့် ၎င်းအနီးအနားရှိ ဆက်သွယ်ရေးတာဝါတိုင်များနှင့် ဗီနိုင်းများလည်း ပျက်စီးမှုဖြစ်ပေါ်ခဲ့သေးကြောင်း ဆက်လက်သိရသည်။ ယင်းမာပင်မြို့နယ် ဘန့်ဘွေးအုပ်စုဘန့်ဘွေးရွာ၊ နဘူးတောရွာ၊ လက်ပန်းကျေးရွာ၊ ထန်းဇင်ကျေးရွာ၊ ဘန့်ဘွေးမြောက်ရွာ၊ ရွှေစုရွာ၊ ကံစုကျေးရွာနှင့် တရော်ကျင်းကျေးရွာတို့တွင် မိုးသက်လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် အိမ်ခြေ ၁၃၀ ကျော်ထက်မနည်း ပျက်စီးခဲ့ကြောင်းနှင့် ကျောက်မှော်ကျေးရွာတွင် နေအိမ်အပေါ်သို့ အုန်းပင်ကျိုးကျခဲ့ခြင်းကြောင့် မိန်းကလေးတစ်ဦးနှင့် အသက် ၇၀ ကျော် အဘွားအိုတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent