ပြည်သူများ တရားရုံးများအပေါ် အယုံအကြည် မဲ့လာကြောင်း ကချင်ပြည်နယ်လွှတ်တော် အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် နယ်စပ်ရေးရာ ကော်မတီ၏ အစီရင်ခံစာ သုံးသပ်

ပြည်သူများ တရားရုံးများအပေါ် အယုံအကြည် မဲ့လာကြောင်း ကချင်ပြည်နယ်လွှတ်တော် အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် နယ်စပ်ရေးရာ ကော်မတီ၏ အစီရင်ခံစာ သုံးသပ်
Published 4 April 2018

ဧပြီ ၃ ရက်က ကချင်ပြည်နယ်လွှတ်တော် အစည်းအဝေး ကျင်းပနေသည်ကို တွေ့ရစဉ်

ပြည်သူများ တရားရုံးများအပေါ် အယုံအကြည် မဲ့လာကြောင်း ကချင်ပြည်နယ်လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများ၊ တာဝန်ခံချက်များ၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် နယ်စပ်ရေးရာ ကော်မတီက ပြည်နယ်လွှတ်တော်တွင် ဧပြီ ၃ ရက်က တင်သွင်းသည့် အစီရင်ခံစာ၌ သုံးသပ်ထားသည်။

ဌာနဆိုင်ရာ ဝန်ကြီးများ၏ အဖြေသည် ကတိကဝတ်၊ မြောက် မမြောက် ခွဲခြားရခက်ကြောင်း၊ အဆိုများ အောင်မြင်သည့် အပေါ်တွင်လည်း သက်ဆိုင်ရာ ဌာနများ၏ အကောင်အထည်ဖော်မှုသည် အားနည်းနေသည်ကို တွေ့ရကြောင်း၊ လွှတ်တော်ကိုတိုင်သည့် တိုင်ကြားစာများသည်လည်း သက်ဆိုင်ရာ ကော်မတီသို့ ကွင်းဆင်းစိစစ်ရန် မရောက်လာဘဲ အစိုးရအဖွဲ့ကို ပြန်လည်ပေးပို့ခဲ့မှုများ ရှိနေကြောင်း၊ ကော်မတီသို့ တိုင်ကြားသည့် တိုင်စာ ၁၆ ခုအနက် ခုနစ်ခုသာ စစ်နိုင်ကြောင်းနှင့်  ကွင်းဆင်းစစ်ဆေးရာတွင်လည်း တာဝန်ကို အာဏာသဖွယ် အသုံးချနေသော ဝန်ထမ်းများကို  တွေ့နေရကြောင်း အစိုးရ၏ အာမခံချက်များ၊ ကတိများ၊ တာဝန်ခံချက်များ၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် နယ်စပ်ရေးရာ ကော်မတီက အတွင်းရေးမှူးဖြစ်သူ မိုးကောင်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်မြသွေးစံက တွေ့ရှိ ချက်များကို လွှတ်တော်သို့ တင်ပြခဲ့သည်။

“ကော်မတီကို တိုင်စာ ၁၆ ခုမှာ ခုနစ်ခုပဲ စစ်နိုင်တယ်။ ကွင်းဆင်းစစ်ဆေးရာမှာလည်း တာဝန်ကို အာဏာသဖွယ် အသုံးချနေတဲ့ ဝန်ထမ်းတွေကို တွေ့နေရပါတယ်။ မြေယာပြဿနာတွေမှာဆိုရင် လယ်ယာမြေဥပဒေနဲ့ ဖြေရှင်းရမယ့်အစား တရားရုံးမှာ မလိုအပ်ဘဲ တရားရင်ဆိုင်နေရတယ်။ တရားရုံးတွေဟာ ပြည်သူတွေရဲ့ အမှန်တရားကို ဖော်ထုတ်ဆောင်ရွက်ပေးဖို့ဌာန ဖြစ်ရမယ့်အစား ငွေမျက်နှာ တစ်ခုတည်းကိုပဲ လိုက်ပြီး ဥပဒေကို လိုသလို ဆောင်ရွက်ကြတဲ့ ဝန်ထမ်းတချို့ကြောင့် အမှန်တရား ဆိတ်သုဉ်းရာ ဌာနသဖွယ် ဖြစ်နေပါတယ်။ ငွေများ တရားနိုင် စကားရပ်ဟာ တရားရေးလောကမှာ တွင်တွင်ကျယ်ကျယ် ဖြစ်ပေါ်နေတယ်။ မလွှဲမရှောင်သာ ပြဿနာနဲ့ ရင်ဆိုင်ကြုံတွေ့ရတဲ့ ပြည်သူတွေအဖို့ တရားရုံးတွေအပေါ် အယုံအကြည် မဲ့လာပြီး ငွေမတတ်နိုင်လို့ တရားရုံးမှာ ရင်မဆိုင်လိုတော့ဘဲ အရှုံးပေးလိုက်ရတဲ့ ပြည်သူတွေရဲ့ အခက်အခဲတွေကိုလည်း တွေ့ရှိနေရပါတယ်” ဟု ဒေါ်မြသွေးစံက အစီရင်ခံစာအား ဖတ်ကြားသည်။

ထို့ပြင် နယ်စပ်ရေးရာနှင့် ပတ်သက်၍ တရုတ်တစ်သျှူးငှက်ပျော စိုက်ပျိုးသူ တရုတ်လူမျိုးများ မြန်မာနိုင်ငံအတွင်း တရားမဝင် ရောက်ရှိနေကြခြင်း၊ ငှက်ပျောသီးသယ် တရုတ်ကားကြီးများ ပိုင်စိုးပိုင်နင်း ဝင်ရောက်နေခြင်း များကိုလည်း တွေ့ရကြောင်း ဒေါ်မြသွေးစံက ပြောကြားသည်။

ထို့အတူ ကော်မတီအနေဖြင့် ကွင်းဆင်းဆောင်ရွက်မှု အားနည်းခြင်းကြောင့် ကော်မတီ၏ လုပ်ငန်းတာဝန်များ အားနည်းနေကြောင်း၊ အဆိုနှင့် မေးခွန်းအပေါ် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ ဖြေကြားမှုသည် အောက်ခြေဝန်ထမ်းများ၏ သဘောထားမှတ်ချက် အတိုင်းသာ ဖြစ်သောကြောင့် မလိုလားအပ်သော လွဲမှားမှုများကို ဖြစ်ပေါ်စေကြောင်း၊ အစိုးရနှင့် လွှတ်တော် အပြန်အလှန်ယုံကြည်မှု၊ လေးစားမှု အားနည်းနေခြင်းများ ရှိနေကြောင်း၊ ရပ်ကျေး အုပ်ချုပ်ရေးမှူးများကအစ မြေယာမှုခင်းများနှင့်ပတ်သက်၍ ဥပဒေကို လက်ကိုင်ပြုဖြေရှင်းခြင်း အားနည်းကြောင်း အစီရင်ခံစာတွင် သုံးသပ်ထားသည်။

အကြံပြုချက်များအရ လွှတ်တော်သို့ ရောက်ရှိလာသည့် တိုင်ကြားစာများကို အစိုးရအဖွဲ့သို့ အားလုံးပေးပို့ခြင်း မဖြစ်စေဘဲ လွှတ်တော်မှ သက်ဆိုင်ရာကော်မတီသို့ ကွင်းဆင်းစစ်ဆေးသင့်ကြောင်း၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရာစီရင်ရေး မဏ္ဍိုင်ကြီး သုံးရပ်သည် တစ်ခုအပေါ်တစ်ခု လွှမ်းမိုးမှုမရှိဘဲ အပြန်အလှန် စောင့်ကြည့်ထိန်းညှိ၍ ပူးပေါင်းဆောင်ရွက်သင့်ကြောင်း၊ နယ်စပ်မှ င်ရောက်လာသည့် တရုတ်ငှက်ပျောသယ် ကားများကို တားဆီးနိုင်ပါက လမ်းပျက်စီးမှုကိုပါ ကာကွယ်နိုင်မည်ဖြစ်ပြီး နယ်စပ်တွင်သာ ကုန်များ အချိန်းအပြောင်း ပြုလုပ်နိုင်ပါက  မိမိပြည်နယ်ရှိ ကားများ၊ အလုပ်သမားများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင်ပြီး သယံဇာတ ခိုးထုတ်မှုများလည်း ကာကွယ်နိုင်မည်ဖြစ်ကြောင်း ကော်မတီက အစီရင်ခံစာတွင် အကြံပြုခဲ့သည်။

ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေးမှ ဒသမပုံမှန် အစည်းအဝေးအထိ တစ်နှစ်ကျော် ကာလအတွင်း အရေးကြီးအဆို သုံးခု အပါအဝင်အဆို ပေါင်း ၄၉ ခုအနက် မှတ်တမ်းတင်အဆို ၁၂ ခု၊ အတည်ပြုအဆို ၂၆ ခု၊ အတည်မပြု အဆို ငါးခု၊ ရုပ်သိမ်းအဆို ခြောက်ခုရှိပြီး ကြယ်ပွင့်ပြမေးခွန်း ၄၀၀ နှင့် ကြယ်ပွင့်မပြ မေးခွန်း ၃၆ ခုတို့ကို တင်သွင်းနိုင်ခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent