လပွတ္တာမြို့နယ် ပိုးလောင်းရဲကင်းစခန်းတွင် မသင်္ကာသဖြင့် အချုပ်ခံရပြီး အရေပြားနှင့် လိင်အင်္ဂါအပေါ် ပလတ်စတစ် အရည်ပူဖြင့် အစက်ချခြင်း၊ လက်ပြန်ကြိုးတုပ် တွဲလောင်းချခြင်းနှင့် ရိုက်နှက်နှိပ်စက်ခံရသူ အမျိုးသားနှစ်ဦးက ညှဉ်းပန်းနှိပ်စက်သော ရဲတပ်ဖွဲ့ဝင်များအား ထိရောက်စွာ အရေးယူပေးရေး သတင်းစာ ရှင်းလင်းပွဲပြုလုပ်

လပွတ္တာမြို့နယ် ပိုးလောင်းရဲကင်းစခန်းတွင် မသင်္ကာသဖြင့် အချုပ်ခံရပြီး အရေပြားနှင့် လိင်အင်္ဂါအပေါ် ပလတ်စတစ် အရည်ပူဖြင့် အစက်ချခြင်း၊ လက်ပြန်ကြိုးတုပ် တွဲလောင်းချခြင်းနှင့် ရိုက်နှက်နှိပ်စက်ခံရသူ အမျိုးသားနှစ်ဦးက ညှဉ်းပန်းနှိပ်စက်သော ရဲတပ်ဖွဲ့ဝင်များအား ထိရောက်စွာ အရေးယူပေးရေး သတင်းစာ ရှင်းလင်းပွဲပြုလုပ်
Published 4 April 2018

ဓာတ်ပုံ - ကြည်နိုင်

လပွတ္တာမြို့နယ် ပိုးလောင်းရဲကင်းစခန်းတွင် မသင်္ကာသဖြင့် အချုပ်ခံရပြီး အရေးပြားနှင့် လိင်အင်္ဂါအပေါ် ပလတ်စတစ်အရည်ပူဖြင့် အစက်ချခြင်း၊ လက်ပြန်ကြိုးတုပ် တွဲလောင်းချခြင်းနှင့် ရိုက်နှက်နှိပ်စက်ခံရသူ အမျိုးသားနှစ်ဦးက ညှဉ်းပန်းနှိပ်စက်သော ရဲတပ်ဖွဲ့များအား ထိထိရောက်ရောက် အရေးယူပေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍  ရန်ကုန်မြို့ ကြည်မြင်တိုင်မြို့နယ်ရှိ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ ရုံးခန်းတွင် ဧပြီ ၃ ရက်က ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် နှိပ်စက်ညှဉ်းပန်းခံရသော အမျိုးသားနှစ်ဦးက အထက်ပါအတိုင်း တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

နှိပ်စက်ညှဉ်းပန်းခံရသော ဦးခင်မောင်လတ်က “ကျွန်တော်တို့လိုမျိုး ပြည်သူတွေ မဖြစ်စေရအောင် ကျွန်တော်တို့ကို ကျူးလွန်ခဲ့သူတွေကို၊ တစ်စခန်းလုံးကို ပြင်းပြင်းထန်ထန် ထိရောက်စွာ အရေးယူပေးပါလို့ မေတ္တာရပ်ခံပါတယ်။ ဒီပြစ်မှုကို  ထိထိရောက်ရောက် အရေးယူပေးဖို့ တောင်းဆိုချင်ပါတယ်။ လျော့ရဲရဲ ဖြစ်သွားမှာ စိုးရိမ်တယ်။ ပြီးတော့ ကျွန်တော့်ကို ဖမ်းဆီးစဉ်က လက်ထိတ်ခတ်ခဲ့တဲ့၊ ရိုက်နှက်ခဲ့တဲ့ နယ်ထိန်းအောင်လင်းထွန်း မပါသေးဘူးဆိုရင် နောက်ကြောင်းပြဿနာတွေ ကျွန်တော်တို့မှာ တော်တော်လေး စိုးရိမ်စရာ ရှိပါတယ်” ဟု ပြောကြားသည်။

အဆိုပါ အမျိုးသားနှစ်ဦးသည် နှိပ်စက်ခံရမှုနှင့် ပတ်သက်၍ လပွတ္တာမြို့နယ် ရဲတပ်ဖွဲ့တွင် တိုင်တန်း၍ အမှုဖွင့်လှစ်ထားကြောင်း သိရပြီး ၎င်းတို့အား ဖမ်းဆီးစစ်ဆေးခဲ့သော ပိုးလောင်းရဲကင်းစခန်းမှ စခန်းမှူး ရဲအုပ် ကျော်ကျော်နိုင်၊ ဒုတပ်ကြပ်ပြည့်ပိုပိုမင်း၊ တပ်သား သူရိန်ဦး၊ တပ်သား ဝေဖြိုးအောင်တို့ကို (ပ) ၂၂/၂၀၁၈ ၊ ပုဒ်မ - ၃၃၀/၃၄၄/၁၁၄ တို့ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

နှိပ်စက်ခံရသူ နောက်တစ်ဦးဖြစ်သော ကိုစိုးမြတ်အောင်က “ကျွန်တော့်ကို ကြိုးတွေ ဖြုတ်ချလိုက်တော့ လက်ထိတ်တန်းလန်ကြီးနဲ့ စခန်းမှူးရှေ့မှာ ဝမ်းလျားကြီး နေရပါတယ်။ လက်ထိတ်ဖြုတ်ပြီးနောက်မှာ နယ်ထိန်း အောင်လင်းထွန်း ရောက်လာပြီး ခြေသလုံးကို ဆင်းခိုင်းတယ်။ တစ်တောင်လောက်ရှိတဲ့ ဝါးလုံးနဲ့ ကျွန်တော့်ခြေသလုံးကို တက်ကြိတ်ပါတယ်။ ပြီးတော့ ဘာမှ မမေးမမြန်းတော့ဘဲ ပြန်ထွက်သွားတယ်။ ၂၀ ရက် ည ၁ နာရီလောက်မှာတော့ ကျွန်တော့်ကို ကင်းတဲကနေ ခြောက်ပေါက်ထဲကို ထည့်ပါတယ်။ လက်ထိတ် နောက်ပြန်ခတ်ပြီးတော့ ဝေဖြိုးအောင်ဆိုတဲ့ရဲက ကတ္တီပါဖိနပ် အမာစားနဲ့ ပါးနဲ့နားကို ၁၅ ချက်လောက် ရိုက်ပါတယ်။ ဘယ်ဘက်နားက အခုဆို မကြားရတော့ဘူး။ တစ်ဖက်တည်းနဲ့ နားထောင်ရပါတယ်။ ကျွန်တော် မဟုတ်ပါဘူး ပြောပေမယ့် သူတို့က အားမရသေးပါဘူး။ ပက်လက်ဆွဲလှန်ပြီး ပုဆိုးကို ရင်ဘတ်ပေါ် ဆွဲလှန်ပြီးတော့ ယောကျ်ားအင်္ဂါရဲ့ အမွှေးတွေကို သားရေကွင်းနဲ့ ချည်ပြီးတော့ ကြိုးအမည်းနဲ့ တုပ်တန်းကို ကျော်ပြီးတော့ နောက်ကနေ အုတ်ခဲသွားပါတယ်။ ပြီးတော့ ယောကျ်ားအင်္ဂါကို ထပ်ဆွဲတယ်။ အဲဒီဆွဲတဲ့ အချိန်မှာပဲ ပလတ်စတစ်ကြိုးမီးနဲ့ ချတော့တာပဲ။ ရေသန့်ဘူးတွေ မီးရှို့ပြီးတော့လည်း ချခဲ့ပါတယ်” ဟု ၎င်းက ပြောကြားသည်။

ဦးခင်မောင်လတ်နှင့် ကိုစိုးမြတ်အောင်တု့ိသည် ရရှိခဲ့သော ဒဏ်ရာများကို ကိုးရက်ကြာ ဆေးရုံတက်၍ ဆေးကုသမှု ခံယူခဲ့ရကြောင်းနှင့် ယခုချိန်အထိ ပျောက်ကင်းခြင်း မရှိသေးကြောင်း၊ ဆေးရုံတွင် ကုသမှုခံယူနေစဉ် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ လာရောက်မေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဦးမြင့်အေးက နှိပ်စက်သောရဲများကို ရဲဘက်မှ အရပ်ဖက် တရားရုံးရောက်အောင် ဆောင်ရွက်မည်နှင့် ပတ်သက်၍ “ရဲဆိုတာ ဝန်ထမ်းဖြစ်တယ်။ ရဲတစ်ယောက်ကို အရပ်ဘက်တရားရုံးကို တင်မယ်ဆိုရင် အထက်အဖွဲ့အစည်းတွေရဲ့ ခွင့်ပြုချက်တွေလိုတယ်။ အဲဒါတွေကို ရနိုင်အောင်လို့ ကျွန်တော်တု့ိ တင်ပြမယ်၊ လျှောက်ထားမယ်၊ တောင်းဆိုမယ်။ သတင်းစာ ရှင်းလင်းပွဲ ပြီးသွားရင်လည်း ဒီဟာတွေကို နေပြည်တော်ကိုပို့မှာပါ။ တရားစွဲခွင့်တွေ တောင်းမှာပါ။ အရပ်ဘက်တရားရုံးကို ရောက်လာအောင်ပါ” ဟု ပြောကြားသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၉ရက်တွင် ဒေါင့်ချောင်းကျေးရွာရှိ နေအိမ်တစ်ခုတွင် ခိုးမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ ခိုးမှုနှင့် ပတ်သက်၍ ကျေးရွာရှိ လူအများစုကို အပိုင်နယ်မြေရဲစခန်းဖြစ်သည့် ပိုးလောင်ရဲကင်းရဲစခန်းမှ ခေါ်ယူစစ်ဆေးခဲ့ကြောင်း၊ ဒေါင့်ချောင်းကျေးရွာရှိ ဦးခင်မောင်လတ် (ဘ) ဦးတင်ဝင်း ဆိုသူကို ပိုးလောင်း ရဲကင်းရဲစခန်းမှ ဖေဖော်ဝါရီ ၂၁ ရက်တွင် ခိုးမှုဖြင့် မသင်္ကာဟုဆိုကာ နေအိမ်မှ လာရောက် ခေါ်ဆောင်သွားကြောင်း၊ ယင်းနောက် အချိန်တစ်လကျော်ကြာ ဖမ်းဆီးထိန်းသိမ်းထားပြီး စခန်းရှိ ရဲဒုတပ်ကြပ် ပြည့်ပိုပိုမင်း၊ ရဲတပ်သား ဝေဖြိုးအောင်၊ ရဲတပ်သား သူရိန်ဦးတို့က ဦးခင်မောင်လတ်အား စခန်းတွင် ရိုက်နှက်ခြင်း၊ ထုတ်တန်းတွင် ဇောက်ထိုးဆွဲထားခြင်း၊ ထိတ်တုံးခတ်ကာ ရိုက်နှက်ခြင်း၊ ပေါင်နှင့် တင်ပါးများကို ပလတ်စတစ်ကြိုးကို မီးရှို့၍ အစက်ချခြင်း၊ လိင်အင်္ဂါများပေါ် အစက်ချခြင်းများကို ပြုလုပ်ခဲ့ကြောင်း၊ ထို့ပြင် ဒေါင့်ချောင်းကျေးရွာရှိ ကိုစိုးမြတ်အောင် (ခ) မျောက်ကလေးအား မတ် ၁၅ ရက် ပိုးလောင် ရဲကင်းရဲစခန်းမှ ခိုးမှုဖြင့် မင်္သကာဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး ချုပ်ရက်ရမန် မယူဘဲ ရက်ပေါင်းများစွာ ထိန်းသိမ်းထားကာ စခန်း ၌ ထုပ်တန်းတွင် ဇောက်ထိုးဆွဲထားခြင်း၊ ထိတ်တုံးခတ်ကာ ရိုက်နှက်ခြင်း၊ ပေါင်နှင့် တင်ပါးများကို ပလတ်စတစ်ကြိုးကို မီးရှို့၍ အစက်ချခြင်း၊ လိင်အင်္ဂါများပေါ် အစက်ချခြင်းများကို ပြုလုပ်ခဲ့ကြောင်း၊ ထိုသို့ ပြုလုပ်မှုကြောင့် ကိုစိုးမြတ်အောင်မှာ စခန်းမှ ထွက်ပြေးခဲ့ပြီးနောက် ဓနုံးချောင်းကျေးရွာ ဘုန်းကြီးကျောင်းသို့ သွားရောက်ကာ ကျောင်းထိုင် ဆရာတော်အား တိုင်ကြားခဲ့သောကြောင့် ဆရာတော်က မတ် ၂၃ ရက်က ကိုစိုးမြတ်အောင်အား လပွတ္တာမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကာ ဆေးဝါးကုသစေခဲ့ကြောင်း၊ ကိုစိုးမြတ်အောင် ပြောဆိုချက်အရ စခန်းတွင် ထပ်မံအနှိပ်စက်ခံနေရသူ ဦးခင်မောင်လတ်ကိုပါ သွားရောက် ခေါ်ဆောင်ခဲ့ပြီး လပွတ္တာဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။

Most Read

Most Recent