<

ယာဉ်မီးလောင်မှုကြောင့် သေဆုံးသွားသူများအတွက် ရသင့်ရထိုက်သည့် နစ်နာကြေးများရရှိရန် ထိုင်းအစိုးရက တာဝန်ယူမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ပြောကြား

မြန်မာ အလုပ်သမားများ စီးနင်းလာသည့်ယာဉ် မီးလောင်ကျွမ်းနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-AAC )

ထိုင်းအစိုးရအနေဖြင့် ယာဉ်မီးလောင်မှုကြောင့် သေဆုံးသွားသူများအတွက် ရသင့်ရထိုက်သည့် နစ်နာကြေးများ ရရှိရန် တာဝန်ယူမည်ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။

ထိုင်းနိုင်ငံသို့ အလုပ်သွားလုပ်မည့် မြန်မာအလုပ်သမားများ စီးနင်းလာသည့် ယာဉ်တစ်စီး မီးလောင်မှုကြောင့် သေဆုံးသွားသူများအတွက် မည်ကဲ့သို့ လုပ်ဆောင်နေသလဲဟု သတင်းမီဒီယာများက ဧပြီ ၃ ရက်က ပြုလုပ်သည့် ထိုင်းနိုင်ငံရှိ ငါးဖမ်းလုပ်ငန်းတွင် လုပ်ကိုင်နေသော ရွှေ့ပြောင်းအလုပ်သမားများ ကြုံတွေ့နေသည့် ဘေးအန္တရာယ်များကို သိရှိနားလည်၍ ကာကွယ်တားဆီးရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအပြီး မေးမြန်းမှုကို  အထက်ပါကဲ့သို့ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဖြေကြား ခဲ့ခြင်းဖြစ်သည်။

“ဥပဒေပိုင်းဆိုင်ရာ ဆိုရင်တော့ ထိုင်းအစိုးရဘက်ကိုယ်ကလည်း သတင်းစာမျက်နှာဖုံးမှာ ပါလာတယ်။ တော်တော်လေး သူတို့က အလေးထား ဆောင်ရွက်ပါတယ်။ အလုပ်သမားတွေက လုပ်ငန်းခွင်တော့ မရောက်သေးဘူးပေါ့။ အဲဒီအတွက်ကို သူတို့ရသင့်ရထိုက်တဲ့ နစ်နာကြေးတွေ ပြီးတော့ အသက်အာမခံကြေးတွေ ပေးကိုပေးရမယ့် ငွေကြေးတွေကိုလည်းပဲရဖို့ သူတို့ဘက်ကလည်း တာဝန်ယူပါတယ်။ မြန်မာနိုင်ငံဘက်ကလည်းပဲ လူမှုဝန်ထမ်း ၀န်ကြီးဌာနကလည်းပဲ ထောက်ပံ့မှုတွေ လုပ်ထားတယ်။ အလုပ်သမား ၀န်ကြီးဌာနကလည်းပဲ ထောက်ပံ့မှုတွေ လုပ်ထားပါတယ်။ အလားတူ ကုမ္ပဏီဘက်လည်းပဲ ဂရုနာကြေး သေဆုံးသွားတဲ့ မိသားစုတွေအတွက် ပံ့ပိုးကူညီပေးနေပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် သွားရောက်အလုပ်လုပ်ကိုင်ရန် Star Pioneer အေဂျင်စီမှ တာဝန်ယူ ပို့ဆောင်သည့် အလုပ်သမား ၄၇ ဦး စီးနင်းလိုက်ပါ လာသည့် မှန်လုံယာဉ်မှာ မတ် ၃၀ ရက်နံနက် အစောပိုင်းက ထိုင်းနိုင်ငံ တာ့ခ်ခရိုင်အတွင်း မီးလောင်ကျွမ်းမှုကြောင့် မြန်မာလုပ်သား ၂၀ သေဆုံးခဲ့သည်။ အဆိုပါဖြစ်စဉ် ဖြစ်ပွားစဉ်က ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေမှာ ထိုင်းနိုင်ငံသို့ ရောက်ရှိနေပြီး ထိုင်းအလုပ်သမားဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးလျက်ရှိကြောင်း ၎င်းကဆိုသည်။

 

April 3, 2018














Copy Protected by Chetan's WP-Copyprotect.