ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိသွားသည့် ဘင်္ဂါလီများအနက် နိုင်ငံသား မဟုတ်သူများကိုလက်မခံရန် အရေးကြီးအဆို တင်သွင်း

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိသွားသည့် ဘင်္ဂါလီများအနက် နိုင်ငံသား မဟုတ်သူများကိုလက်မခံရန် အရေးကြီးအဆို တင်သွင်း
Published 4 April 2018

ရခိုင်ပြည်နယ် လွှတ်တော်တွင် အရေးကြီးအဆို တင်သွင်းနေသည်ကို တွေ့ရစဉ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိသွားခဲ့သည့် ဘင်္ဂါလီများအနက် နိုင်ငံသားမဟုတ်သူများကို ပြန်လည်လက်မခံရန် အရေးကြီးအဆို တစ်ရပ်ကို ဧပြီ ၃ ရက်တွင် ပြုလုပ်သည့် ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် သတ္တမပုံမှန် အစည်းအဝေး ဒဿမနေ့တွင် ဘူးသီးတောင်မြို့နယ် အမှတ် (၂) မှ မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက တင်သွင်းခဲ့ပြီး လွှတ်တော်တွင် ဆက်လက် ဆွေးနွေးသွားရန် အတည်ပြုခဲ့ကြောင်း သိရသည်။

ထိုသို့ အရေးကြီးအဆိုအား တင်သွင်းရခြင်းသည် တရားဥပဒေ စိုးမိုးရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးနှင့် တိုင်းရင်းသား ဒေသခံများအပေါ် အကြမ်းဖက်မှု မဖြစ်ပေါ်ရေးတို့အတွက် အဓိကထား တင်ပြခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်ပြီး ဦးထွန်းအောင်သိန်းက “တကယ့်ကို အရေးကြီးလို့ အရေးကြီး အဆိုတင်သွင်းတာ ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ လိုအပ်ချက်အရ ကျွန်တော်တို့က အဆိုတင်သွင်းရခြင်း ဖြစ်ပါတယ်။ အဓိကတော့ တရားဥပဒေစိုးမိုးရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးနဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေ နောက်ထပ်တစ်ကြိမ် အကြမ်းဖက်မှု မခံရအောင် ကြိုတင်ကာကွယ် တားဆီးတဲ့အနေနဲ့ တင်ပြတာဖြစ်တယ်။ ဘာကြောင့်လဲဆိုရင် အခု ဘင်္ဂါလီမရှိတော့ တည်ငြိမ်အေးချမ်းနေတယ်။ သွားလာလို့ရတယ်။ နိုင်ငံသား မဟုတ်တဲ့ ဘင်္ဂါလီတွေကို ပြန်လည်နေရာချထားမယ်ဆိုရင် တိုင်းရင်းသား လူနည်းစုတွေ အန္တရာယ် ရှိလာနိုင်တယ်။ ဒါကြောင့် အရေးကြီးအဆို တင်သွင်းရတာ ဖြစ်ပါတယ်။ နိုင်ငံသားဖြစ်သူတွေကို လက်ခံပါ။ ဒီအပေါ်မှာ အငြင်းပွားစရာ မရှိပါ။ နိုင်ငံသား မဟုတ်တဲ့သူတွေကို လက်ခံလို့ မရပါဘူး။ ဒါက မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေနဲ့လည်း မကိုက်ညီဘူး။ ဒီလို နိုင်ငံသား မဟုတ်တဲ့သူတွေကိုပါ လက်ခံလာနိုင်တဲ့ အနေအထား ရှိနေတဲ့အတွက် အဆိုတင်သွင်းရခြင်း ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ယင်းအဆိုအား မောင်တောမြို့နယ်၊ အမှတ်(၁) မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်အုန်းက ထောက်ခံဆွေးနွေးခဲ့ပြီး၊ ဧပြီ ၅ ရက်တွင် ကျင်းပမည့် ရခိုင်ပြည်နယ် လွှတ်တော် အစည်းအဝေးတွင် ဆက်လက်ဆွေးနွေးမည် ဖြစ်ကြောင်း သိရ သည်။

“တကယ်လို့သာ တရားမဝင်တဲ့ နိုင်ငံသားမဟုတ်တဲ့ ဘင်္ဂါလီတွေကို လက်ခံလိုက်မယ်ဆိုရင် အကြမ်းဖက်မှုတွေ နောက်ထပ်တစ်ခါ ပြန်လည်ဖြစ်လာမယ် ဆိုတာကို ငြင်းလို့မရတဲ့ ကိစ္စရပ်သာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အကြမ်းဖက်မှုတွေမှာလည်း ဒေသခံ တိုင်းရင်းသားတွေဘက်က အကြမ်းဖက် တိုက်ခိုက်ခဲ့တာ မရှိခဲ့ဘူး။ ဘင်္ဂါလီတွေကသာ ရဲကင်းစခန်း ၃၀ ကိုတစ်ချိန်တည်း တစ်ပြိုင်တည်း တိုက်ခိုက်ပြီး မြို၊ သက်၊ ဒိုင်းနက်၊ ရခိုင်၊ ဟိန္ဒူလူမျိုးတွေကို သတ်ဖြတ်ခဲ့တာကိုလည်း တွေ့ခဲ့ရတာဟာ ဖုံးကွယ်ထားလို့မရတဲ့ ကိစ္စရပ်တွေသာဖြစ်တယ်။ လူတိုင်းကလည်း ဒါကိုသိကြပါတယ်” ဟု ဦးထွန်းအောင်သိန်းက ပြောကြားသည်။

၂၀၁၇ ခုနှစ် သြဂုတ် ၂၅ ရက်က မောင်တောနှင့် ဘူးသီးတောင်မြို့နယ်တွင် ရဲစခန်း ၃၀ ကို တစ်ချိန်တည်း တိုက်ခိုက်ခဲ့ပြီးနောက် ဘင်္ဂါလီအချို့မှာ မောင်တောမှ ထွက်ပြေးခဲ့ပြီး တစ်ဖက်နိုင်ငံ ဘင်္ဂလားဒေ့ရှ်သို့ ကူးပြောင်းခဲ့ကြောင်း သိရသည်။

Most Read

Most Recent