ပြည်သူလူထု၏အကျိုးစီးပွားကို ငဲ့ညှာခြင်းမရှိ၊ ပျက်စီးအောင် ဆောင်ရွက်လုပ်ကိုင်နေသည်ဟုဆိုကာ ပေါင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တစ်ဦးအား တောင်သူများ ဆန္ဒထုတ်ဖော်

ပြည်သူလူထု၏အကျိုးစီးပွားကို ငဲ့ညှာခြင်းမရှိ၊ ပျက်စီးအောင် ဆောင်ရွက်လုပ်ကိုင်နေသည်ဟုဆိုကာ ပေါင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တစ်ဦးအား တောင်သူများ ဆန္ဒထုတ်ဖော်
Published 4 April 2018

ပေါင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တစ်ဦးအား တောင်သူများက မော်လမြိုင်မြို့တွင် ဆန္ဒထုတ်ဖော်နေစဉ်

မွန်ပြည်နယ် ပေါင်မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် (၁) မှ ကိုယ်စားလှယ် ဦးထွန်းမင်းအောင်အား ပြည်သူလူထု၏ အကျိုးစီးပွားကို ငဲ့ညှာခြင်းမရှိ ပျက်စီးအောင် ဆောင်ရွက်လုပ်ကိုင်နေသည်ဟုဆိုကာ တောင်သူများက ဧပြီ ၃ ရက် နံနက် ၁၁ နာရီက မော်လမြိုင်မြို့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ပေါင်မြို့နယ် မုတ္တမကျေးရွာအုပ်စုအတွင်း မြေနုကျွန်းများပေါ်တွင် လုပ်ကိုင်စားသောက်ခွင့်နှင့် ပတ်သက်ပြီး မရှိဆင်းရဲသားများ၊ တောင်သူလယ်သမားများက လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင်အား အကူအညီတောင်းခံခဲ့ပါကြောင်း၊ အကူအညီတောင်းခံသည်မှာလည်း တစ်ကြိမ်တစ်ခါတည်းမဟုတ်ဘဲ စာဖြင့် ခုနစ်ကြိမ်ရှိပါကြောင်း၊ ထိုသို့ စာတင်ထားသည့်အချိန်များတွင် ဦးထွန်းမင်းအောင်အနေဖြင့်
တောင်သူများနှင့် ထိတွေ့မှုမရှိပါကြောင်း၊ ထိတွေ့မှုမရှိသည့်အတွက်ကို ၎င်းဆီသို့ သွားရောက်တွေ့ဆုံခဲ့သော်လည်း တွေ့မရခဲ့ကြောင်း၊ ထို့ကြောင့် ကိုယ်စားလှယ် ဦးထွန်းမင်းအောင်အား မကျေနပ်သည့်အတွက် ဆန္ဒပြရခြင်းဖြစ်ကြောင်း ဆန္ဒပြပွဲဦးဆောင်သူ မုတ္တမကျေးရွာအုပ်စု အောင်မင်္ဂလာကျွန်းတွင် နေထိုင်သူ ဦးခင်မောင်ထွေးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “လက်ရှိ မြေနုကျွန်းတွေနဲ့ပတ်သက်ပြီး ဖြစ်ပေါ်နေတဲ့ကိစ္စတွေက သူ့အပေါ်ပဲ မူတည်နေပါတယ်။ သူက ကျွန်တော်တို့လုပ်နေတဲ့ လုပ်ဆောင်ချက်တွေအပေါ်မှာ သူ့အနေနဲ့ ကွင်းဆင်းလေ့လာတာလည်းမရှိဘူး။ အဲဒီကွင်းတွေကိုလည်း သူမရောက်ဖူးပါဘူး။ ကျွန်တော်တို့ကသာ ဓာတ်ပုံတွေနဲ့တကွ တင်ပြလို့ သူသိချင်သိမှာပါ။ ကျွန်တော်တို့ကိုကူညီတာဆိုလို့ တစ်ချက်မှမရှိပါဘူး။ အဲဒီက ခရိုနီလူတစ်စုရဲ့ ပြောကြားချက်တွေအတိုင်း လုပ်နေတယ်။ ကျွန်တော်တို့ လုပ်ဆောင်နေတဲ့ အလုပ်တွေကိုလည်း နှောင့်ယှက်ပါတယ်။ ဖျက်ဆီးပါတယ်။ အဲဒီအတွက် မကျေနပ်လို့ဆန္ဒပြတာပါ” ဟုပြောကြားသည်။

“ဒီမြေနုကျွန်းပေါ်က မြေယာတွေကို လုပ်ပိုင်ခွင့်မချပေးသေးပါဘူး။ ဒါပေမဲ့ မြို့နယ်နဲ့ရပ်ကျေးလယ်/စီနဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ကိုယ်တိုင် ဦးဆောင်ပြီးတော့ မဲခွဲပြီးတော့ ဝေထားပြီးပါပြီ။ ဒါကို
လုပ်ပိုင်ခွင့်ရပါပြီလို့ပြောရင် မှားမှာလား။ အခုဆန္ဒထုတ်ဖော်ခြင်းခံနေရတဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင်သည် ဒေသအတွင်းမှာ ပြည်သူတွေတကယ် လိုအပ်တဲ့လုပ်ငန်းကိုင်ငန်းတွေကို ကွင်းဆင်းကူညီ ဆောင်ရွက်ပေးခြင်း၊ လက်တွေ့မရှိဘဲ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက် လိုက်နာရမယ့် ကျင့်ဝတ်သိက္ခာကို စည်းမထားဘဲနဲ့ လွှတ်တော်ထဲမှာ လူပုဂ္ဂိုလ်၊ လွှတ်တော်ကိုယ်စားလှယ် နာမည်သုံးစွဲပြီးတော့ လွှတ်တော်အစည်းအဝေးမှာ မေးခွန်းမေးမြန်းခြင်း၊ ဆက်စပ်မေးခွန်းတင်ပြ မေးမြန်းခြင်းတွေဟာ ဥပဒေချိုးဖောက်ခြင်းဖြစ်ပါတယ်။ ဒါကြောင့် ဥပဒေချိုးဖောက်နေတဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင်ကို ဆန္ဒပြခြင်းဖြစ်ပါတယ်” ဟု ဆန္ဒထုတ်ပွဲတွင် ပါဝင်သူ ဦးအောင်ဆန်းဦးက ပြောကြားသည်။

“ပြီးခဲ့တဲ့လပိုင်းအတွင်းမှာ မုတ္တမမှာ မြေနုကျွန်းပေါ်တယ်။ အဲဒီမြေနုကျွန်းဝေခြမ်းရေးကိစ္စမှာ တန်းစီဇယားဆွဲတဲ့ကိစ္စတွေမှာ ဥပဒေနဲ့မညီဘူးဆိုပြီးတော့ တိုင်ကြားလာတာတွေရှိတယ်။ အဲဒါနဲ့ကျေးရွာလယ်/ စီမှာ တန်းစီဇယား တောင်းကြည့်တဲ့အခါမှာ တန်းစီဇယားမှာ လူတစ်ဦးတစ်ယောက်ကနေပြီးတော့ တောင်သူ ၄၁ ဦးကို တန်းစီဇယားထည့်တယ်။ ကျေးရွာလယ်/စီက ၁၇ ဦး။ ပေါင်း ၅၈ ဦးရှိတယ်။ အဲဒီဒေသမှာ လယ်မဲ့ယာမဲ့တွေက အနီးစပ်ဆုံး လူ ၃၀၀ ကျော်လောက်ရှိတယ်။ သူတို့တွေက အဲ့ဒါကိုမသိကြဘူး။ အဲဒါကြောင့် ပွင့်လင်းမြင်သာမှုမရှိဘူး။ ဥပဒေနဲ့မညီဘူး။ အဲဒီအတွက် ဥပဒေနဲ့အညီပြန်လုပ်ပါ။ ဒါ ကျွန်တော်တို့ စောင့်ကြည့်ထိန်းကျောင်းတာပါ” ဟု ပေါင်မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် (၁) မှ ကိုယ်စားလှယ် ဦးထွန်းမင်းအောင်က ပြောကြားသည်။

အဆိုပါဆန္ဒထုတ်ဖော်ပွဲ၌ ဒေသခံတောင်သူ ၁၀၀ ခန့်က မော်လမြိုင်မြို့ ဘိုကုန်းရပ်ကွက်ရှိ သံလွင်ဥယျာဉ်ရှေ့မှ စစ်ကဲကုန်းရပ်ကွက်၊ ကမ်းနားလမ်းရှိ ညဈေးအထိ “ပြည်သူ့အကျိုးအတွက် ကွင်းဆင်းပါဝင် ကူညီဆောင်ရွက်ပေးခြင်းမရှိသော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် … အလိုမရှိ’၊ ‘ပြည်သူ့အကျိုးဆောင်ရွက်မည်ဆိုသည့် (၁၅) မိနစ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် … အလိုမရှိ’၊ ‘လွှတ်တော်အာဏာကို ခုတုံးလုပ်၍ ပြည်သူလူထုကို အနိုင်ကျင့်နေသော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် … အလိုမရှိ’၊ ‘ပြည်သူလူထု အကျိုးစီးပွားဖျက်ဆီးဆောင်ရွက်နေမှုများ … ချက်ချင်းရပ်’၊ ‘ဒေသခံတောင်သူများ၏ အခက်အခဲများကို ကူညီဆောင်ရွက်သူအား နှောင့်ယှက်တိုင်ကြားသူ … ဒို့ရန်သူ’ စသည့် ကြွေးကြော်သံများ ကြွေးကြော်က ဆန္ဒထုတ်ဖော်ခဲ့သည်။

Most Read

Most Recent