<

ယခင်မကွေးတိုင်းအစိုးရလက်ထက်က စာရင်းပျောက်နေခဲ့သည့်ငွေများဖြင့် ၀ယ်ယူသည့်ကားများကို သက်ဆိုင်ရာဌာနများသို့ ပေးအပ်ခဲ့

သက်ဆိုင်ရာဌာနများသို့ မီးသတ်ကားနှင့် အမှိုက်သိမ်းကားများ ပေးအပ်စဉ်

ယခင် မကွေးတိုင်းဒေသကြီးအစိုးရလက်ထက်က စာရင်းပျောက်နေခဲ့သည့် ရေနံလက်ယက်တွင်းများမှရရှိခဲ့သည့် ငွေများအနက် ယခုတိုင်းအစိုးရအဖွဲ့ထံသို့ ပြန်လည်ပေးအပ်ခဲ့သောငွေများဖြင့် ၀ယ်ယူသည့် မီးသတ်ကားနှင့် အမှိုက်သိမ်းကားများကို ဧပြီ ၃ ရက် နံနက် ၈ နာရီက မကွေးမြို့တိုင်း အားကစားကွင်းအတွင်း၌ သက်ဆိုင်ရာဌာနများသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ယခင် မကွေးတိုင်းအစိုးရအဖွဲ့လက်ထက်က မကွေးတိုင်းအတွင်း ရေနံလက်ယက်တွင်းများမှရရှိခဲ့ပြီး စာရင်းပျောက်နေခဲ့သည့် ငွေများအနက် လက်ရှိတိုင်းအစိုးရအဖွဲ့မှ ကျပ်သိန်းပေါင်း ၃၀၀၀၀ ကျော် ပြန်လည်ရရှိခဲ့ကြောင်း၊ ထိုငွေများဖြင့် ရေပုပ်စုပ်ယာဉ်ငါးစီး၊ အလတ်စားအမှိုက်သိမ်းယာဉ် ၁၈ စီး၊ အမှိုက်သိမ်းယာဉ်အကြီး ခြောက်စီး စုစုပေါင်း ၂၉ စီးဝယ်ယူ၍ မကွေးတိုင်းအတွင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့များသို့ ပေးအပ်ခဲ့ကြောင်း ယင်းကားများအတွက် ကျပ် ၁၁၇၇၅ သိန်း ကျသင့်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ၂၀၁၇/ ၂၀၁၈ မကွေးတိုင်းဒေသကြီး အစိုးရဘတ်ဂျက်မှ ဂါလန် ၁၆၀၀ ဆံ့ မီးသတ်ရေသယ်ယာဉ် သုံးစီး၊ လှေကားတင် မီးသတ်ယာဉ်တစ်စီး၊ ရှာဖွေကယ်ဆယ်ရေးယာဉ်တစ်စီးနှင့် ရုံးသုံးစက်ကိရိယာများကိုလည်းကောင်း၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ထောက်ပံ့ရန်ပုံငွေဖြင့် မီးငြှိမ်းသတ်ယာဉ် ၂၃ စီးကိုလည်းကောင်း သက်ဆိုင်ရာမြို့နယ် မီးသတ်ဌာနများသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။

“ကားတွေဝယ်တဲ့ ဘတ်ဂျက်အများစုကတော့ ပြည်ထောင်စုဘတ်ဂျက်လည်း မဟုတ်ဘူး။ တိုင်းဒေသကြီး ရန်ပုံငွေလည်းမဟုတ်ဘူး။ ပြီးခဲ့တဲ့အစိုးရ ဦးဘုန်းမော်ရွှေလက်ထက်က ရခဲ့တဲ့ပိုက်ဆံ ကျပ်ငွေသန်းပေါင်း ၃၂၇၉ သန်း၊ သိန်းပေါင်း ၃၀၀၀၀ ကျော်ပါ။ အဲဒီပိုက်ဆံတွေနဲ့ဝယ်တာပါ” ဟု မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောကြားသည်။

ဒေါက်တာအောင်မိုးညိုက ဆက်လက်၍ “မြန်မာနိုင်ငံမှာက ဆောင်းဝင်ပြီဆိုတာနဲ့ မီးရေးထင်းရေးက ကြောက်ရပါတယ်။ သို့သော်လည်းပဲ ပြည်ပကနေမှာရတယ်။ အဆင့်ဆင့်သယ်လာရတယ်ဆိုတော့ ရောက်တဲ့အချိန်ကတော့ နောက်ကျခဲ့ပါတယ်။ တချို့နေရာတွေမှာ မီးလောင်ခဲ့တယ်။ မီးလောင်ပြီးမှ ရောက်ခဲ့တော့ စိတ်မကောင်းဘူး။ မတတ်နိုင်ဘူး။ ဘာပဲဖြစ်နေနေ ဒီနေ့ဧပြီလဆန်း ၃ ရက်ဆိုတော့ ဧပြီလဆန်းမှာ ရောက်လာတဲ့ကားတွေဆိုတော့ တင်စားပြောရရင်တော့ နောက်တက်တဲ့သမ္မတကြီးအတွက် မကွေးတိုင်းက လက်ဆောင်တွေလို့လည်း သဘောထားလို့ရပါတယ်” ဟုပြောကြားသည်။

မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးအောင်ဝင်းစိန်က “ဖွဲ့စည်းပုံက နယ်မြေမီးသတ်စခန်းဆိုရင် မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ ရေသယ်ယာဉ်တစ်စီးရှိပါတယ်။ မြို့နယ်မီးသတ်စခန်းဆိုရင် မီးငြှိမ်းသတ်ယာဉ်နှစ်စီး၊ ရေသယ်ယာဉ်တစ်စီး၊ မီးသတ်စက်ယာဉ်တစ်စီး ဒီလိုရှိပါတယ်။ အခု ဒီကားတွေရောက်ပြီးပြီဆိုရင် ဖွဲ့စည်းပုံရဲ့ ငါးပုံလေးပုံလောက် ပြည့်မီပါတယ်” ဟုပြောကြားသည်။

ယခင်အစိုးရလက်ထက်က ပြန်လည်ရရှိခဲ့သည့်ငွေများမှ ပထမတစ်ကြိမ်ကလည်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းအဆင့်ဌာနဆိုင်ရာများအတွက် ဖို့ဒ်ကားများဝယ်ပေးခဲ့ပြီး မကွေးတိုင်း ပြည်သူ့ဆေးရုံကြီးအတွက် သန့်စင်ခန်းအသစ်များ တည်ဆောက်ပေးခဲ့ကြောင်း၊ လက်ရှိတွင် မကွေးတိုင်းအတွင်း ရေနံလက်ယက်တွင်းများမှ ထွက်ရှိသည့်ရေနံများကို သယ်ယူခွင့်အတွက် ရေနံစိမ်းတစ်ပီပါလျှင် ကျပ် ၃၀၀၀ နှုန်းဖြင့် တိုင်းဒေသကြီးရန်ပုံငွေအဖြစ် သတ်မှတ်၍ ခွင့်ပြုပေးလျက်ရှိကြောင်း သိရသည်။

April 3, 2018














Copy Protected by Chetan's WP-Copyprotect.