လျှပ်စစ်မီးမရရှိသေးသည့် ကျေးရွာများအတွက် IFC၊ Norfund နှင့် Yoma Strategic တို့ပူးပေါင်းကာ Yoma Micro Power တွင် ရင်းနှီးမြှုပ်နှံသွားမည်

လျှပ်စစ်မီးမရရှိသေးသည့် ကျေးရွာများအတွက် IFC၊ Norfund နှင့် Yoma Strategic တို့ပူးပေါင်းကာ Yoma Micro Power တွင် ရင်းနှီးမြှုပ်နှံသွားမည်
Published 4 April 2018

မြန်မာနိုင်ငံရှိ လျှပ်စစ်မရှိသေးသည့် ကျေးလက်ဒေသများအတွက် International Finance Corporation နှင့် ကနေဒါမှ လက်ရှိမိတ်ဖက်များဖြစ်သည့် Norfund နှင့် Yoma Strategic တို့နှင့်အတူ Yoma Micro Power တွင် ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း Yoma Strategic က ဧပြီ ၃ ရက်ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။

အဆိုပါအဖွဲ့အစည်းသုံးခု၏ ရှယ်ယာနှင့် ကြွေးမြီဘဏ္ဍာရေး စုပေါင်းရင်းနှီးမြှုပ်နှံမှုသည် ဒေါ်လာ ၂၈ သန်းအထိရှိလာမည်ဖြစ်ကြောင်း ခန့်မှန်းထားသည်။

ယင်းကဲ့သို့ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ပြီး နောက်ပိုင်းတွင် Yoma Strategic က ၃၅ ရာခိုင်နှုန်း၊ International Finance Corporation နှင့် Norfund တိုက ရာခိုင်နှုန်း ၃၀ စီပိုင်ဆိုင်ပြီး ယခုစီမံကိန်းအား ဦးဆောင်သူ Alakesh Chetia က ငါးရာခိုင်နှုန်း ပိုင်ဆိုင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

Yoma Micro Power လုပ်ငန်းအတွက် ပြီးခဲ့သည့်နှစ်က စစ်ကိုင်းတိုင်းဒေသတွင် ကနဦးအနေဖြင့် ဓာတ်အားပေးစက်ရုံ ၁၀ ခု ဆောက်လုပ်ပြီးစီးခဲ့ပြီး ယခုနှစ်အတွင်း ဆက်သွယ်ရေးတာဝါတိုင်ပေါင်းများစွာနှင့် ကျေးလက်ဒေသများသို့ လျှပ်စစ်ဓာတ်အားများဖြန့်ဖြူးနိုင်ရန် ရည်မှန်းထားကြောင်း ထုတ်ပြန်ထားသည်။

ကျေးလက်ဒေသများ လျှပ်စစ်ရရှိရေးအတွက်ကို ဆိုလာစနစ်သုံး အသေးစား လျှပ်စစ်ဓာတ်အားပေးစက်ရုံများဖြင့် ဖြန့်ဖြူးပေးသွားမည်ဖြစ်သည်။

ကနဦးဆောင်ရွက်နေသည့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဆိုလာစနစ် အသေးစား လျှပ်စစ်ဓာတ်အားစက်ရုံများမှ ကျေးရွာပေါင်းလေးရွာနှင့် လူဦးရေ ၇၀၀ ကျော်ကို လျှပ်စစ်ဓာတ်အားပေးထားနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံအနေဖြင့် လျှပ်စစ်ဓာတ်အားရရှိမှုသည် တစ်နိုင်ငံလုံးအတိုင်းအတာအရ ရာခိုင်နှုန်း ၃၀ သာ လျှပ်ဓာတ်အားရရှိသုံးစွဲနိုင်ပြီး ကျန်ရှိနေသည့် ရာခိုင်နှုန်း ၇၀ မှာမူ လျှပ်စစ်ဓာတ်အား မရရှိသေးကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

Most Read

Most Recent