ချင်းတွင်းမြစ်နှင့် ဥရုမြစ်ရေ တစ်ပြိုင်နက်မြင့်တက်မှုကြောင့် ခန္တီးနှင့် ဟုမ္မလင်းမြို့နယ်တွင် ယာယီပိတ်ထားရသော စာသင်ကျောင်းပေါင်း ၅၀ ကျော်အထိရှိလာ

ချင်းတွင်းမြစ်နှင့် ဥရုမြစ်ရေ တစ်ပြိုင်နက်မြင့်တက်မှုကြောင့် ခန္တီးနှင့် ဟုမ္မလင်းမြို့နယ်တွင် ယာယီပိတ်ထားရသော စာသင်ကျောင်းပေါင်း ၅၀ ကျော်အထိရှိလာ
Published 17 August 2017

ဟုမ္မလင်းမြို့နယ် ထမံသီကျေးရွာ အထက်တန်းကျောင်းအတွင်း မြစ်ရေဝင်ရောက်နေစဉ် (ဓာတ်ပုံ- ဦးမျိုးမင်း)

ချင်းတွင်းမြစ်နှင့် ဥရုမြစ်ရေ တစ်ပြိုင်နက်မြင့်တက်မှုကြောင့် ခန္တီးနှင့် ဟုမ္မလင်းမြို့နယ်တွင် ယာယီပိတ်ထားရသော စာသင်ကျောင်း ၅၀ ကျော်အထိ ရှိလာကြောင်း ခန္တီးခရိုင်ပညာရေးမှူး ဦးအောင်ကျော်မြင့်က ပြောကြားသည်။

“ဟုမ္မလင်းမြို့နယ်အတွင်းမှာက ၂၇ ကျောင်းနဲ့ ခန္တီးမြို့နယ်အတွင်းမှာ ၂၈ ကျောင်း ယာယီပိတ်ထားရပါတယ်” ဟု ဦးအောင်ကျော်မြင့်က ပြောကြားသည်။

ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၏ စိုးရိမ်ရေမှတ်အထက် ငါးပေခန့် ကျော်လွန်ရောက်ရှိနေသဖြင့် သြဂုတ် ၁၄ ရက်မှစ၍ ခန္တီးမြို့နယ်အတွင်းရှိ စာသင်ကျောင်း ၂၂ ကျောင်း ယာယီပိတ်ထားခဲ့ရကာ သြဂုတ် ၁၆ ရက်တွင် ၂၈ ကျောင်းအထိ ယာယီပိတ်ထားရခြင်းဖြစ်ကြောင်း သိရသည်။

ဟုမ္မလင်းမြို့တွင် ချင်းတွင်းမြစ်ရေနှင့် ဥရုမြစ်ရေ တစ်ပြိုင်နက်မြင့်တက်မှုကြောင့် သြဂုတ် ၁၆ ရက်မှစ၍ ဟုမ္မလင်းမြို့နယ်အတွင်းရှိ စာသင်ကျောင်း ၂၇ ကျောင်းကို ယာယီပိတ်ထားခဲ့ရခြင်း ဖြစ်သည်။

“ဥရုဘက်ကဆိုရင် အထက နမ့်တော၊ ကြက်လျှာစွန်း၊ ငေါက်စား၊ မြောက်ကုန်း၊ မြဝတီစတဲ့ ကျောင်းတွေနဲ့ ချင်းတွင်းဘက်က အားလုံးပေါင်း ၂၇ ကျောင်း ယာယီပိတ် ထားရပါတယ်” ဟု ဟုမ္မလင်းမြို့နယ် ဒုတိယ ပညာရေးမှူး ဦးကျော်ဝင်းထွန်းက ပြောကြားသည်။

“ယာယီပိတ်ထားရတဲ့ ကျောင်းတွေကို ရေပြန်ကျသွားရင် ကျောင်းသားတစ်ယောက်ရဲ့ သတ်မှတ်ကျောင်းခေါ်ချိန် ပြည့်မီအောင် အစားထိုး ပြန်သင်ပေးမှာပါ။ စနေလို ကျောင်းပိတ်ရက်တွေမှာ အစားထိုးပြန်သင်ပေးမှာပါ” ဟု ဦးအောင်ကျော်မြင့်က ပြောကြားသည်။

မြစ်ရေမြင့်တက်မှုကြောင့် စာသင်ကျောင်းများ ယာယီပိတ်ထားရပြီး ကျောင်းသားကျောင်းသူများ၏ သင်ကြားရေးနှောင့် နှေးမည်ကို ကျောင်းသားမိဘများက စိုးရိမ်နေကြကြောင်း သိရသည်။

ချင်းတွင်းမြစ်ရေသည် ဇူလိုင်အတွင်း ခန္တီးနှင့် ဟုမ္မလင်းမြို့တွင် နှစ်ကြိမ်မြင့်တက်ခဲ့ရာ ယင်းမြို့နယ်များရှိ စာသင်ကျောင်းအချို့ တစ်ပတ်ကျော် ပထမအကြိမ် ယာယီပိတ်ထားခဲ့ရပြီး သြဂုတ်လအတွင်း ချင်းတွင်းမြစ်ရေ ပြန်လည်မြင့်တက်လာသဖြင့် ဒုတိယအကြိမ် ယာယီပိတ်ထားခဲ့ရခြင်း ဖြစ်သည်။

သြဂုတ် ၁၆ ရက် နံနက် ၆ နာရီခွဲ တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၏ စိုးရိမ်ရေမှတ်အထက် ငါးပေကျော် ၁၅၁၆ စင်တီမီတာ၊ ဟုမ္မလင်းမြို့၏ စိုးရိမ်ရေမှတ် အထက် သုံးပေကျော် ၂၉၉၆ စင်တီမီတာ၊ ဖောင်းပြင်မြို့၏ စိုးရိမ်ရေမှတ်အထက် တစ်ပေခန့်အလို ၁၃၄၆ စင်တီမီတာ၊ မော်လိုက်မြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိရန် ပေဝက်ခန့် ၁၂၁၄ စင်တီမီတာ၊ ကလေးဝမြို့၏ စိုးရိမ်ရေမှတ်ရောက်ရှိရန် သုံးပေကျော်ခန့် ၁၄၅၀ စင်တီမီတာ၊ မင်းကင်းမြို့၏ စိုးရမ်ရေမှတ်ရောက်ရှိရန် နှစ်ပေကျော်ခန့် ၁၂၆၆ စင်တီမီတာ၊ ကနီမြို့တွင် ၁၀၅၆ စင်တီမီတာနှင့် မုံရွာမြို့၏ စိုးရိမ်ရေမှတ်ရောက်ရှိရန် နှစ်ပေကျော်ခန့် ၉၂၂ စင်တီမီတာသို့ မြင့်တက်ရောက်ရှိနေသဖြင့် ၎င်းမြို့များရှိ မြစ်ကမ်းနံဘေးနှင့် အနိမ့်ပိုင်းနေထိုင်သူများ အနေဖြင့် အထူးသတိပြုနေထိုင်ကြရန် မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ သတိပေးချက်ထုတ်ပြန်ထားသည်။

Most Read

Most Recent