မန္တလေး လမ်းလျှောက်သြင်္ကန်တွင် တောသြင်္ကန် အပါအဝင် ယခင်နှစ်နှင့် မတူညီသည့် ပျော်ရွှင်ဖွယ် အစီအစဉ်များ ထပ်မံထည့်သွင်း ကျင်းပမည်

မန္တလေး လမ်းလျှောက်သြင်္ကန်တွင် တောသြင်္ကန် အပါအဝင် ယခင်နှစ်နှင့် မတူညီသည့် ပျော်ရွှင်ဖွယ် အစီအစဉ်များ ထပ်မံထည့်သွင်း ကျင်းပမည်
Published 3 April 2018

ဟိုတယ်/ခရီးတာဝန်ရှိသူများက လမ်းလျှောက်သြင်္ကန် အစီအစဉ်များနှင့် ပတ်သက်၍ မီဒီယာများနှင့် တွေ့ဆုံရှင်းလင်းနေစဉ်

မန္တလေးလမ်းလျှောက်သြင်္ကန်တွင် နိုင်ငံခြားခရီးသွား ဧည့်သည်များ ပိုမိုစိတ်ဝင်စားရန် တောသြင်္ကန်အပါအဝင် ယခင်နှစ်နှင့် မတူညီသည့် ပျော်ရွှင်ဖွယ်အစီစဉ်များ ထပ်မံထည့်သွင်း ကျင်းပသွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ယခုနှစ်ပြုလုပ်မည့် လမ်းလျှောက်သြင်္ကန် အစီအစဉ်များနှင့် ပတ်သက်၍ မီဒီယာများနှင့် တွေ့ဆုံရှင်းလင်းခြင်းအား ဧပြီ ၂ ရက် မွန်းလွဲပိုင်းက ဟိုတယ်နှင့်ခရီး ညွှန်ကြားမှုဦးစီးဌာန အထက်မြန်မာပြည်ရုံးတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယင်းရှင်းလင်းပွဲတွင် ပြောကြားချက်များအရ ယခင်နှစ်နှင့် မတူညီသည့် ဖျော်ဖြေမှုများ အပါအဝင် ညပိုင်းအချိန်များတွင်ပါ ခရီးသွားဧည့်သည်များ လည်ပတ်နိုင်မည့် တောသြင်္ကန် အစီစဉ်များ၊ ရိုးရာရေပက် မဏ္ဍပ်များ၊ ရိုးရာဝတ်စုံဖြင့် ဓာတ်ပုံရိုက်ကူးနိုင်ရန်နှင့် လောင်းလှေများဖြင့် ရေကစားခြင်းများ အပါအဝင် အခြားပျော်ရွှင်ဖွယ်ရာ အစီစဉ်များကို ထည့်သွင်းကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။

“သြင်္ကန်ကို ခရီးသွားဧည့်သည်တွေ အတွက်ရယ် အများသိရှိသွားဖို့ရယ် ခရီးသွားဧည့်သည် ဝင်ရောက်မှု မြင့်တက်ဖို့ ဆောင်ရွက်နေတယ်။ အဲဒီလိုလုပ်တဲ့အခါမှာ မန္တလေးရဲ့ အမှတ်တံဆိပ်ကို ပိုမိုထင်ရှားစေအောင်လို့ ဆောင်ရွက်ဖို့ စီစဉ်နေတယ်။ ယခင်နှစ်လုပ်ခဲ့တဲ့ အတွေ့အကြုံတွေကိုယူပြီးတော့ လိုအပ်တာတွေကို ဖြည့်စွက်ပြီး မတူတဲ့ ဖျော်ဖြေရေး အစီအစဉ်တွေ ထည့်ထားတယ်။ ဒီလိုလုပ်တဲ့အခါမှာ ခရီးသွားလုပ်ငန်း ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေ ကုမ္ပဏီတွေပူးပေါင်းပြီး လုပ်တာဖြစ်တယ်။ မနှစ်ကလုပ်တဲ့အခါမှာ အောင်မြင်ပေမဲ့ ကြိုတင်ချပြထားတာ မရှိတော့ အချို့မသိလို့ မလာတာတွေရှိတယ်။ ဒီနှစ်မှာ အဲဒီလိုမျိုး မဖြစ်အောင် ဘယ်နေရာမှာ ဘာတွေရှိမယ်။ ပါဝင်မယ့် အစီအစဉ်တွေကိုလည်း အများပြည်သူ သိရှိအောင် အွန်လိုင်းကနေ အမြဲတင်ပြီး ဆောင်ရွက်သွားမယ်။ လမ်းလျှောက်သြင်္ကန်ကြီး တစ်ခုလုံးကို အရင်နှစ်ကနဲ့ မတူတဲ့ အရင်နှစ်ထက် ပိုကောင်းတဲ့ အစီအစဉ်တွေနဲ့ ဆောင်ရွက်သွားဖို့ရှိတယ်” ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန အထက်မြန်မာပြည်ဌာနခွဲ (မန္တလေး) မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစန်းယုက ပြောကြားသည်။

လမ်းလျှောက်သြင်္ကန်တွင် ခရီးသွားမြှင့်တင်ရေး ကဏ္ဍအတွက် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သည့် အသင်းအဖွဲ့များမှ ၂၆ လမ်း ၆၆ လမ်းနှင့် ၆၉ လမ်းကြား ဧရိယာတွင် အစားအသောက်ဆိုင်ခန်း ၅၀ နှင့် စတုဒိသာ မဏ္ဍပ်ငါးခု၊ ရေကစားမဏ္ဍပ်ငါးခု ဖျော်ဖြေရေးမဏ္ဍပ်ငါးခုနှင့် အချက်အလက်စင်တာတစ်ခု ထားရှိသွားမည်ဖြစ်ကာ လမ်းလျှောက်သြင်္ကန် ဧရိယာအဖြစ် ၂၆ လမ်းတစ်လျှောက် မဏ္ဍပ်များ ချထားဆောင်ရွက် သွားမည်ဖြစ်ကြောင်း ယခင်နှစ်နှင့် မတူညီသည့် အစီအစဉ်များအဖြစ် လမ်းလျှောက်သြင်္ကန်နှင့် တွဲဆက်နေသည့် ဧရိယာများတွင် ခေတ်ပေါ် DJ Complex၊ Foam Party များ ထည့်သွင်းသွားမည်ဖြစ်ကာ လမ်းလျှောက်သြင်္ကန် ဧရိယာတွင် အချက်အလက်စင်တာသုံးခု၊ မြန်မာ့ရိုးရာပုံရိပ် ပေါ်လွင်စေသည့် ဓာတ်ပုံမှတ်တမ်းတင်ခြင်း နေရာများတွင် ဆံရစ်ဝိုင်း အမျိုးသမီးငယ်များနှင့် အမှတ်တရဓာတ်ပုံ ရိုက်ကူးနိုင်ရန် အစီအစဉ်များ အပါအဝင် ရိုးရာရေကစားမဏ္ဍပ်၊ စတုဒိသာမဏ္ဍပ်များ၊ သနပ်ခါးသွေးခြင်း၊ ရိုးရာဝတ်စုံပြသခြင်း၊ ညပိုင်းတောသြင်္ကန် အစီအစဉ်တွင် ရုပ်သေးအက ဖျော်ဖြေခြင်းများ ထည့်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent