ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စုတွင် မီးလောင်မှုဖြစ်ပွားပြီး လူနေအိမ် ၁၁ လုံးနှင့် ဈေးဆိုင်ခန်း ၃၃ ခန်း မီးလောင်ဆုံးရှုံး

ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စုတွင် မီးလောင်မှုဖြစ်ပွားပြီး လူနေအိမ် ၁၁ လုံးနှင့် ဈေးဆိုင်ခန်း ၃၃ ခန်း မီးလောင်ဆုံးရှုံး
Published 16 August 2017

■ ဓာတ်ပုံ- ရဲမင်းထွန်း

ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ရပ်ကွက် (၂) ရှိ ပျံကျဈေးဆိုင်တန်းတွင် မီးလောင်မှုဖြစ်ပွားပြီး လူနေအိမ် ၁၁ လုံးနှင့် ဈေးဆိုင်ခန်း ၃၃ ခန်း မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

သြဂုတ်လ ၁၆ ရက် နံနက် ၅ နာရီ  ၂၀ မိနစ်အချိန်ခန့်တွင် ဆိပ်မူကျေးရွာအုပ်စု၊ ရပ်ကွက်(၂) ၊ ပျံကျဈေးဆိုင်တန်းရှိ ဦးကျော်ဝင်း၏ နေအိမ်အပေါ်ထပ်မှ မီးစတင် လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး လူနေအိမ် ၁၁ လုံးနှင့် ဈေးဆိုင်ခန်း ၃၃ ခန်း မီးလောင် ဆုံးရှုံးခဲ့ကြောင်း၊ အဆိုပါ မီးလောင်မှုအား မီးသတ်ယာဉ် ၁၀ စီး၊ ရေဘောက်ဆာ နှစ်စီး၊ ဘက်ဟိုးယာဉ် နှစ်စီးဖြင့် ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ ၇ နာရီ ၅ မိနစ်အချိန်တွင် မီးညွှန့်ကျိုး၍ ၇ နာရီ ၃၀ မိနစ်အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း၊ မီးလောင်မှုကြောင့် လူ/တိရစ္ဆာန် ထိခိုက်ဒဏ်ရာ မရရှိကြောင်း သိရသည်။

“မီးလောင်မှုဖြစ်စဉ်မှာ အိမ်ခြေ ၁၁ လုံးနဲ့ ဈေးဆိုင်ခန်း က ၃၃ ခန်း ပါသွားပါတယ်။ ဘယ်ကနေ စလောင်လဲဆိုတော့ ဈေးထဲမှာ ငါးရောင်းတဲ့ ငါးဒိုင် ကိုကျော်ဝင်းအိမ် အပေါ်ထပ်ကနေ စလောင်ပါတယ်။ ကျွန်တော်တို့ ထင်တာကတော့ မီးကြွင်းမီးကျန် မဟုတ်လောက်ဘူး ထင်ပါတယ်။ ဈေးဆိုတော့ မနက် ဈေးခင်းဘာခင်းနဲ့ သူတို့အနေနဲ့ ဖယောင်းတိုင် ထွန်းတယ်နဲ့ တူပါတယ်။ ဘုရားမီး မဟုတ်ရင် တစ်နေရာရာမှာ ထွန်းထားတဲ့ ဖယောင်းတိုင်မီးကြောင့်ပါပဲ။ ဝိုင်ယာရှော့လည်း မဟုတ်လောက်ပါဘူး။ ဆုံးရှုံးမှုတန်ဖိုးက သိန်း၂၈၀ နဲ့ တစ်သိန်းရှစ်သောင်းရှစ်ထာင်ဆိုပြီး မီးသတ်ကတွက်ပြီး တင်ထားပါတယ်”ဟု ဖားကန့်မြို့နယ် အရံမီးသတ်တပ်ဖွဲ့ ဒုတပ်ရင်းမှူး ဦးကျော်ဝင်းဆွေက ပြောကြားသည်။

နေအိမ်များ မီးလောင်ကျွမ်း၍ အိုးမဲ့အိမ်မဲ့ ဖြစ်သွားသော အိမ်ထောင်စုများအား ဆိပ်မူကျေးရွာ၊ ရပ်ကွက် (၂) ရှိ စိန်မြသုခ ဘုန်းတော်ကြီးကျောင်းတိုက်တွင် ခေတ္တနေရာချထားရန် သက်ဆိုင်ရာမှ စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။

“ဈေးတန်းက ပျံကျဈေးတန်းပါ။ ဈေးတန်းတစ်ခုတည်း သတ်သတ်မှတ်မှတ် မဟုတ်ပါဘူး။ လူနေအိမ်တွေကြားမှာ ဈေးတန်းဖြစ်နေတာပါ။ ဒီတော့ အိမ်တွေဆိုင်တွေကလည်း စိပ်တယ်။ ခဏလေးအတွင်းမှာ အရှိန်အဟုန်နဲ့ မီးလောင်သွားပါတယ်”ဟု ဆိပ်မူကျေးရွာအုပ်စုမှ ကိုရဲမင်းထွန်းက ပြောကြားသည်။

မီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍ မီးပေါ့ဆ သူစိုးမြတ်ကျော် (ခ) ရန်နိုင်ထွန်း (ဘ) ဦးကျော်ဝင်းအား (ပ) ၁၁၈/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် ဖားကန့်မြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

Most Read

Most Recent