မြောင်းမြကြိုးတံတား ပြတ်ကျပြီးနောက် လမ်းပန်းဆက်သွယ်ရေးများ မပြတ်တောက်စေရန် ဇက်များ၊ စက်လှေများဖြင့် အခမဲ့ပို့ဆောင်ပေးနေပြီး မော်တော်ယာဉ်များသွားလာနိုင်ရန် ဇက်ဆိပ်များကို သုံးရက်အတွင်း အပြီးတည်ဆောက်မည်

မြောင်းမြကြိုးတံတား ပြတ်ကျပြီးနောက် လမ်းပန်းဆက်သွယ်ရေးများ မပြတ်တောက်စေရန် ဇက်များ၊ စက်လှေများဖြင့် အခမဲ့ပို့ဆောင်ပေးနေပြီး မော်တော်ယာဉ်များသွားလာနိုင်ရန် ဇက်ဆိပ်များကို သုံးရက်အတွင်း အပြီးတည်ဆောက်မည်
Published 3 April 2018

မြောင်းမြကြိုးတံတား ကျိုးကျသဖြင့် ဇက်ဖြင့် ယာယီသွားလာနိုင်ရန် ဆောင်ရွက်နေစဉ်

မြောင်းမြကြိုးတံတားပြတ်ကျပြီးနောက် လမ်းပန်းဆက်သွယ်ရေးများ မပြတ်တောက်စေရန် ဧပြီ ၂ ရက်မှစတင်ကာ မြောင်းမြသဲပုံ ဆိပ်နှင့် ပြန်ကြားရေးရုံးဆိပ်များမှ ဇက်များ စက်လှေများဖြင့် ခရီးသွားပြည်သူများကို အခမဲ့ပို့ဆောင်ပေးနေပြီး မော်တော်ယာဉ်များ သွားလာနိုင်ရန် ဇက်ဆိပ်များကို သုံးရက်အတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

တံတားပြိုကျပျက်စီးပြီးနောက်တွင် မြောင်းမြမြို့နှင့် လပွတ္တာမြို့များမှ ခရီးသွား ပြည်သူများနှင့် ကုန်စည်စီးဆင်းမှုရပ်တန့်ခဲ့ရပြီး ဧပြီ ၂ရက်မှစတင်ကာ ခရီးသည်တင်ယာဉ်များ ပြန်လည်ပြေးဆွဲပေးခဲ့ကြောင်း၊ ခရီးသွားပြည်သူများ သွားလာနိုင်ရေးအတွက် မြောင်းမြမြို့ တစ်ဖက်ကမ်းမှ မြောင်းမြမြို့သို့ သဲပုံဆိပ်နှင့် ပြန်ကြားရေးရုံးဆိပ်များတွင် အလှူရှင်များ၏ အလှူငွေလှူဒါန်းမှုများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထောက်ပံ့မှုများဖြင့် စက်လှေများဇက်များဖြင့် အခမဲ့ကူးပေးနေကြောင်း၊ လေလံရရှိထားသည့် ကူးတို့လှေများမှ ငွေကြေးတိုးမြင့်ကောက်ခံမှုများကိုလည်း သတိပေး အရေးယူဆောင်ရွက်ထားရှိကြောင်း၊ မော်တော်ယာဉ်များသွားလာနိုင်ရေးအတွက် မြောင်းမြမြို့တစ်ဖက်ကမ်းရှိ ဇက်ဆိပ်နေရာဟောင်းအား ပြန်လည်ပြင်ဆင်နေခဲ့ပြီး မြောင်းမြမြို့ဘက်ကမ်း ပြန်ကြားရေးရုံး ဆိပ်ကမ်းမှတစ်ဆင့် မော်တော်ယာဉ်များဇက်ဖြင့် ပို့ဆောင်ပေးနိုင်ရန် လုပ်ဆောင်နေလျက်ရှိကြောင်း သိရသည်။

“ကျွန်တော်တို့ ယာဉ်လိုင်းတွေနဲ့ပတ်သက်ပြီးတော့ ဇက်တွေစီစဉ်ထားတယ်။ သဲပုံဆိပ်လမ်းအတိုင်းကို လမ်းခင်းပြီးတာနဲ့ ဇက်တွေနဲ့ကူးလို့ရအောင်ဆိုပြီးတော့ စီစဉ်ပေးထားပါတယ်။ အခုတော့ လမ်းပြင်နေလို့ ကားကြီးတွေဝင်တာကိုတော့ ခဏတားထားပါတယ်။ ခရီးသည်တွေကိုတော့ ခွင့်ပြုပေးထားပါတယ်။ လက်ရှိယာဉ်လိုင်းတွေကတော့ ရန်ကုန်ဘက်ခြမ်းမှာရှိတဲ့ ကားတွေကတော့ ပုံမှန်ပြေးဆွဲနေပါတယ်။ မြောင်းမြဘက်ခြမ်းမှာရှိတဲ့ ကားတွေကတော့ နားလိုက်တယ်။ ဒီဘက်ခြမ်းမှာ ကားရပ်နားဖို့အတွက်တော့ စီစဉ်ပေးထားတာ မရှိသေးဘူး။ လောလောဆယ်တော့ ခရီးသည်ယာဉ်လိုင်းတွေကို ကွယ်လွယ်အဝင်ဘက် ဘုရားအဝနားမှာ ခဏချထားပေးထားပါတယ်” ဟု မြောင်းမြမြို့နယ် ပုဂ္ဂလိက မော်တော်ယာဉ်စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ စာရေးဖြစ်သူ ကိုစိုးနိုင်က ပြောကြားသည်။

“မနေ့က အစည်းအဝေးဆုံးဖြတ်ချက်နဲ့ ကျွန်တော်သုံးရက်နဲ့အပြီးပေါ့။ ဇက်တွေလည်း ရောက်ပြီ။ အနည်းဆုံးသုံးစင်းလောက်ပေါ့။ ရောက်ပါမယ်။ အခုဇက်ဆိပ်ကို အားချင်းပဲ ကျောက်ကြီးစီတယ်။ ကျောက်ကြီးစီပြီးတော့ မနက်ဖြန်ကို ကွန်ကရစ်လောင်းလို့ရပြီ။ လမ်းကိုလည်း ပြင်နေတယ်။ ဒီဘက်ကမ်းတင်မကဘူး။ ဟိုဖက်ကမ်းမှာလည်း လုပ်နေပါတယ်။ လောလောဆယ်တော့ ခရီးသည်တွေကို စည်ပင်ဇက်တစ်စင်း စက်လှေနှစ်စင်းနဲ့ အခမဲ့ကူး ပေးနေတယ်။ နောက်ပြီးတော့ ကုန်းလမ်းအတွက် အဆင်ပြေစေရေးမကဘဲနဲ့ ရေလမ်းအတွက်ပါ အဆင်ပြေအောင် ရေလမ်းရှင်းလင်းရေးအတွက် ပညာရှင်တွေရော ဒီဇိုင်နာတွေရော ရောက်နေပါပြီ။ ပျက်သွားတဲ့တံတားကို ဘယ်လိုဖြုတ်မလဲဆိုတာကို လေ့လာနေပါတယ်။ ပြီးလို့ရှိရင်လည်း ကျိုးသွားတဲ့တံတားရဲ့ ရေအလွတ် ဘယ်လောက်ရှိတယ်ဆိုတာလည်း တိုင်းတာနေပါပြီ။ အမြန်ဆုံးသတ်မှတ်ထားတဲ့ အချိန်သုံးရက်အတွင်း ပြီးစီးအောင် လုပ်ဆောင်နေပါတယ်။ အသစ်ဆောက်နေတဲ့ ရေလယ်တိုင်တွေက မပြီးသေးဘူး။ ဒါကြောင့် အခုဒီဇိုင်နာလည်းပါလာပါတယ်။ ဒီဇိုင်နာနဲ့  ပြင်ဆင်ပြီးတဲ့အခါမှာ စတီးထရက်ဒီဇိုင်းနဲ့ လုပ်ဖို့ပေါ့နော်။ အဲဒီ ဒီဇိုင်းနဲ့ဆို အမြန်ဆုံးတစ်နှစ်လောက်နဲ့ ပြီးအောင်ဆောက်ဖို့ ကြိုးစားနေပါတယ်။ ဒါမှ ခရီးသွားလာရေး အဆင်ပြေမှာပါ” ဟု လျှပ်စစ်၊ လမ်းပန်းနှင့် စက်မှုဝန်ကြီး ဦးဝင်းဌေးက ပြောကြားသည်။

တံတားပျက်ကျမှုတွင် ဆယ်သွယ်ရေး ကုမ္ပဏီများမှ ကေဘယ်ကြိုးများလည်း ပြတ်တောက်ခဲ့ရသောကြောင့် ဆက်သွယ်ရေးများ ပြန်လည်ကောင်းမွန်အောင် လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

“ကျွန်မတို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေနဲ့ကတော့ ဒီတံတားပေါ်မှာ ၉၆ ဒရိုင်ဘာကြိုးနှစ်ချောင်း၊ ၄၈ ဒရိုင်ဘာကြိုးနှစ်ချောင်း ပါသွားပါတယ်။ ပါသွားတဲ့အခါကျတော့ ကျွန်မတို့ကဖြစ်ဖြစ်ချင်းဘဲ ကေဘယ်လမ်းကြောင်းတွေ ဖယ်ရှင်းဖို့အတွက် ဆောင်ရွက်ပါတယ်။ ဒါပေမဲ့ တံတားကြီးက တံတားအပျက်အစီးတွေ မဖယ်ရှင်းရသေးတဲ့အခါကျတော့ ကျွန်မတို့လည်း ဖယ်ရှင်းလို့ မရသေးဘူးပေါ့နော်။ ကျွန်မတို့က ဆက်သွယ်မှုမပြတ်တောက်ဖို့ မိုက်ခရိုဝေ့အပေါ်မှာ ဘက်ကပ်တွေ တင်ထားပေးပါတယ်။ ဖိုက်ဘာ ကေဘယ်ကို အမြန်ဆုံးနည်းနဲ့ ယာယီသွယ်တန်းနိုင်ဆောင်တော့ ဆောင်ရွက်နေပါတယ်” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ဧရာဝတီတိုင်းဒေသကြီး မန်နေဂျာ ဒေါ်ဆွေမာက ဆိုသည်။

တံတားကျိုးပျက်ရာတွင် မြစ်အတွင်းသို့ ကျဆင်းသွားသည့် မော်တော်ယာဉ်ပေါ်တွင် ပါဝင်သွားပြီး ရေနစ်သေဆုံးခဲ့သည့် ပြည်သူနှစ်ဦး၏ မိသားစုဝင်များကိုလည်း တစ်ဦးလျှင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ အလှူငွေ သုံးသိန်းကျပ်၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ သုံးသိန်းကျပ် စုစုပေါင်း ခြောက်သိန်းကျပ်အား မြောင်းမြခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် အလှူငွေပေးအပ်ပွဲ ပြုလုပ်ကာမိသားစုဝင်များထံ ပေးအပ်ခဲ့ကြောင်း၊ ရေနစ်သေဆုံးနေသည့် ယာဉ်နောက်လိုက်၏ ရုပ်အလောင်းကိုမူ ပြန်လည်ဆယ်ယူရရှိရေးအတွက် ဆက်လက်လုပ်ဆောင်နေလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent