မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လစ်လပ်ဝန်ကြီးနှစ်ဦးနေရာအတွက် လွှတ်တော်ကိုယ်စားလှယ် မဟုတ်သည့် အစိုးရဝန်ထမ်းဟောင်း နှစ်ဦး၏ အမည်စာရင်းအား ဒုတိယအကြိမ် တိုင်းဒေသကြီး လွှတ်တော်သို့ တင်သွင်း

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လစ်လပ်ဝန်ကြီးနှစ်ဦးနေရာအတွက် လွှတ်တော်ကိုယ်စားလှယ် မဟုတ်သည့် အစိုးရဝန်ထမ်းဟောင်း နှစ်ဦး၏ အမည်စာရင်းအား ဒုတိယအကြိမ် တိုင်းဒေသကြီး လွှတ်တော်သို့ တင်သွင်း
Published 3 April 2018

မကွေးတိုင်းဒေသကြီးလွှတ်တော် အဋ္ဌမအကြိမ် ပထမနေ့ အစည်းအဝေး ကျင်းပစဉ်

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လစ်လပ်ဝန်ကြီးနှစ်ဦး နေရာအတွက် လွှတ်တော်ကိုယ်စားလှယ် မဟုတ်သည့် အစိုးရဝန်ထမ်းဟောင်းနှစ်ဦး၏ အမည်စာရင်းအား ဒုတိယအကြိမ်အဖြစ် ဧပြီ ၂ ရက်က ကျင်းပခဲ့သည့် မကွေးတိုင်းဒေသကြီးလွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေး ပထမနေ့တွင် ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက တင်သွင်းခဲ့ပြီး ဧပြီ ၅ ရက် စတုတ္ထနေ့ လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့တွင် လစ်လပ်လျက်ရှိသည့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးနှင့် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးနှစ်ဦး နေရာအတွက် မကွေးမြို့ အောင်မေတ္တာရပ်ကွက်တွင် နေထိုင်သည့် ခရိုင်ပညာရေးမှူး (ဒုတိယညွှန်ကြားရေးမှူး) အငြိမ်းစား ဦးမြင့်ဆွေအား လည်းကောင်း၊ ပွင့်ဖြူမြို့ စိုက်ပျိုးရေးသိပ္ပံဝင်းအတွင်း နေထိုင်သည့် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ညွှန်ကြားရေးမှူး အငြိမ်းစား ဦးခင်မောင်ထွန်းအား လည်းကောင်း ဝန်ကြီးချုပ်က အမည်စာရင်း တင်သွင်းခဲ့သည်ကို မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတာကိုယ်တိုင်က လွှတ်တော်ကိုယ်စားလှယ်များအား ဖတ်ကြားပြခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးနေမျိုးကျော်နှင့် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုးမြင့်တို့က ၎င်းတို့၏ သဘောဆန္ဒအလျောက် နုတ်ထွက်စာတင်ခဲ့ကြောင်း၊ ထိုသို့စာတင်သည်ကို နိုင်ငံတော်သမ္မတကလည်း နုတ်ထွက်ခွင့်ပြုခဲ့သောကြောင့် ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက လွှတ်တော်ကိုယ်စားလှယ် မဟုတ်သည့် အစိုးရဝန်ထမ်းဟောင်း နှစ်ဦးအား ပထမအကြိမ် တိုင်းဒေသကြီး လွှတ်တော်သို့ တင်သွင်းခဲ့ကြောင်း၊ ထိုသို့တင်သွင်းလာသူများနှင့် ပတ်သက်၍ အများပြည်သူတို့က ဝေဖန်မှုများ ရှိခဲ့သောကြောင့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များကလည်း ကန့်ကွက်လွှာများ တင်ခဲ့ကြောင်း ထို့ကြောင့် ဒေါက်တာအောင်မိုးညိုက ဒုတိယအကြိမ်အဖြစ် အစိုးရဝန်ထမ်းဟောင်း နှစ်ဦးအား ထပ်မံတင်သွင်းခဲ့ကြောင်း သိရသည်။

“အစိုးရ သက်တမ်းကလည်း သိပ်ပြီးမကျန်တော့ဘူးဆိုတော့ ဝန်ကြီးနှစ်ပါး ရွေးချယ်ရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ လွှတ်တော်နဲ့ အစိုးရနဲ့ အပြန်အလှန် အငြင်းပွားနေဖို့ သိပ်ပြီးမကောင်းပါဘူး။ ကျန်တဲ့ အစိုးရရော၊ လွှတ်တော်ရော သက်တမ်းမှာ အစိုးရက လုပ်မယ့် လုပ်ငန်းတွေမှာ အားဖြည့်နိုင်မယ့် ဝန်ကြီးနှစ်ဦး ဖြစ်ပေါ်လာဖို့အတွက် ကျွန်တော်တို့က အထူးအထွေ ကန့်ကွက်စရာအကြောင်း မရှိပါဘူး။ သူတို့လည်း ဒေါက်တာအောင်မိုးညို ဦးဆောင်တဲ့ တိုင်းအစိုးရကို အားဖြည့်ပြီးတော့ မောင်းနှင်အားကောင်းမယ့် ပုဂ္ဂိုလ်နှစ်ဦး ဖြစ်ပါစေလို့ ဆုတောင်းပါတယ်” ဟု နတ်မောက်မြို့နယ် မဲဆန္ဒနယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းရွှေက ပြောကြားသည်။

သရက်မြို့နယ် မဲဆန္ဒနယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုးအောင်က “လွှတ်တော် ကိုယ်စားလှယ်ကနေ နောက်တစ်ဆင့် တက်လှမ်းနိုင်ဖို့ ကျွန်တော်တို့မှာ စီမံခန့်ခွဲမှုအပိုင်းတွေ၊ နည်းပညာပိုင်းတွေ လိုပါတယ်။ ကျွန်တော်တို့ကိုယ်တိုင် မလုပ်နိုင်တဲ့နေရာမှာ တင်မြှောက်ထားတဲ့ ပြည်သူလူထုအထဲက ပြည်သူလူထုကိုရွေးချယ်တဲ့ အနေအထားမျိုးပါ။ ကျွန်တော်တို့ကို ပြည်သူလူထု ကတင်တယ်။ ကျွန်တော်တို့ ကိုယ်စားလှယ်တွေ၊ ခေါင်းဆောင်တွေကလည်း ပြည်သူလူထုကို ပြန်တင်တဲ့ အနေအထားပါ။ ဒါကြောင့်မို့လို့ ကျွန်တော်တို့က ပူးပေါင်းဆောင်ရွက်သွားပါမယ်” ဟု ပြောကြားသည်။

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လစ်လပ်ဝန်ကြီးနှစ်ဦး ခန့်ထားရေးနှင့်ပတ်သက်၍ အများပြည်သူက စိတ်ဝင်စားမှု မြင့်တက်နေကြောင်း၊ ဝန်ကြီးနှစ်ဦး နေရာအတွက် လက်ရှိ အမည်စာရင်း တင်သွင်းထားသူများနှင့် ပတ်သက်၍ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ကန့်ကွက်ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ဧပြီ ၄ ရက်တွင် တိုင်းဒေသကြီး လွှတ်တော်ရုံးသို့ အမည်စာရင်း တင်သွင်းရန် လွှတ်တော်ဥက္ကဋ္ဌ ဦးတာက ကြေညာခဲ့ကြောင်း သိရသည်။

 

 

Most Read

Most Recent