သြင်္ကန်ကာလ နယ်ခရီးပြန်မည့်သူများ အနေဖြင့် အဝေးပြေးယာဉ်လက်မှတ် ဈေးပိုပေးရခြင်းများ ကြုံတွေ့နေရဟုဆို

သြင်္ကန်ကာလ နယ်ခရီးပြန်မည့်သူများ အနေဖြင့် အဝေးပြေးယာဉ်လက်မှတ် ဈေးပိုပေးရခြင်းများ ကြုံတွေ့နေရဟုဆို
Published 3 April 2018

အောင်မင်္ဂလာ အဝေးပြေးဝင်းအတွင်း လက်မှတ်ဝယ်ယူရန် စောင့်ဆိုင်းနေသူများကို တွေ့ရစဉ် (ဓာတ်ပုံ-သူဇာမြင့်)

သြင်္ကန်ကာလ နယ်ခရီးပြန်မည့်သူများ အနေဖြင့် လက်မှတ်ဈေး ပိုပေးရခြင်းများ ကြုံတွေ့နေရကြောင်း ခရီးသည်များထံမှ စုံစမ်းသိရှိရသည်။

“လက်မှတ်ရဖို့  မနက် ၃ နာရီကတည်းက အောင်မင်္ဂလာ အဝေးပြေးဝင်းအတွင်း လာရောက်တန်းစီတဲ့ ခရီးသည်တွေလည်း ရှိနေတာ ဖြစ်ပါတယ်။ သြင်္ကန်လို ပိတ်ရက်ရှည်မှသာ အပေါင်းအသင်း ရောင်းရင်းတွေ ဆွေမျိုးညာတိတွေနဲ့ ပျော်ခွင့်တွေ့ဆုံခွင့် ရှိတာကြောင့် သြင်္ကန်ချိန်ခါမှာ ကိုယ့်ရပ်ကိုယ့်ရွာ ပြန်ဖို့ဟာ အိပ်မက်တစ်ခုလို ဖြစ်နေတယ်” ဟု အညာဒေသကိုပြန်မည့် ခရီးသည်တစ်ဦးဖြစ်သည့် မဌေးဌေးလွင်က ပြောကြားသည်။

အဝေးပြေး ကားလက်မှတ်များကို မတ် ၁၅ ရက်မှ စတင်ကာ Online တွင် စတင်ရောင်းချခဲ့ကြောင်း၊ ခရီးသွားပြည်သူတွေ အဆင်ပြေရန်အတွက် ဧပြီ ၁၂ ရက်အထိ ရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့ ယာဉ်လိုင်းအနေဖြင့် ကားလက်မှတ်များကို ပုံမှန်ဈေးနှုန်းအတိုင်း ရောင်းချပေးနေကြောင်း ရွှေစြင်္ကာယာဉ်လိုင်း တာဝန်ခံ ဦးနေမျိုးက ပြောကြားသည်။

“ကားလက်မှတ်ရရှိဖို့အတွက် မတ်လကတည်းက ဖုန်းနဲ့ဆက်သွယ်ကာ ကြိုးစားခဲ့ပေမယ့်လည်း လက်တွေ့ လာရောက်ဝယ်ယူတဲ့ အချိန်မှာတော့ လက်မှတ်တွေ မရှိတော့ပါဘူး” ဟု မကွေးတိုင်းဒေသကြီးသို့ ပြန်မည့် လက်မှတ်ဝယ်ယူရာတွင် အခက်အခဲ တွေ့ကြုံခဲ့သူတစ်ဦးက ပြောကြားသည်။

ယခုနှစ် သြင်္ကန်ရုံးပိတ်ရက်ကာလတွင် အဝေးပြေးယာဉ်လိုင်းများ၌ ယာဉ်အစီးရေ လိုအပ်လာပါက YBS ယာဉ်များဖြင့် အစားထိုးပြေးဆွဲရန် စီစဉ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောကြားသည်။

၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်တွင် ပြုလုပ်ခဲ့သည့် အများပြည်သူ သယ်ယူပို့ဆောင်ရေးယာဉ်လိုင်း စနစ်နှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက သြင်္ကန်ကာလတွင် ရန်ကုန်မြို့၌ရှိသည့် အနယ်နယ်အရပ်ရပ်မှ လာရောက် အလုပ်လုပ်ကိုင်နေကြသူ များအတွက် ခရီးသွားရာမှာ မီးရထား၊ ကား၊ လေယာဉ် စတာတွေအားလုံး အဆင်ပြေ ချောမွေ့နိုင်ရန်နှင့် လက်မှတ်ခ ဈေးနှုန်းများကိုလည်း ပိုမိုကောက်ခံခြင်းမပြုရန် ဆောင်ရွက်နေကြောင်း ပြောကြားထားသည်။

၂၀၁၈ သြင်္ကန်ရုံးပိတ်ရက်သည် အကြိုနေ့မှ နှစ်ဆန်းတစ်ရက်နေ့အထိ ငါးရက်သာဖြစ်ပြီး ယခင်နှစ်များကဲ့သို့ ရုံးပိတ်ရက်ကို ၁၀ ရက်ပိတ်ခြင်း မဟုတ်သဖြင့် နယ်သို့ခရီးသွားသူများ နည်းပါးနိုင်ပြီး ကားလက်မှတ်လည်း အခက်အခဲ သိပ်မရှိနိုင်ကြောင်း အဝေးပြေးဝင်းရှိ ကားဂိတ်များမှ သိရသည်။

သြင်္ကန်ကာလ ပိတ်ရက်အတွင်း ရန်ကုန်မြို့မှ နယ်သို့ပြန်မည့်သူများအတွက် ကားလက်မှတ် ဈေးမြင့်မှု ပြဿနာသည် နှစ်စဉ်ကြုံတွေ့နေရသည့် ကိစ္စတစ်ခုဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း လက်မှတ်ဈေး တိုးမြှင့်ရောင်းချမှုများ မပြုလုပ်ရန် အစိုးရအဖွဲ့မှ ကြေညာခဲ့သော်လည်း လက်မှတ်ဈေးနှုန်းတိုး ရောင်းချခြင်း၊ မှောင်ခိုရောင်းချ ခြင်းများသည် နယ်ပြန်သည့် ခရီးသွားတိုင်း အနည်းနှင့်အများ ကြုံတွေ့ရသည့် အခက်အခဲတစ်ခု ဖြစ်နေကြောင်း သိရသည်။

Most Read

Most Recent