နေပြည်တော် တပ်ကုန်းမြို့နယ်တွင် အုပ်စုဖွဲ့ရန်ပြုခံရပြီး ဓားဖြင့်အထိုးခံရသဖြင့် တက္ကသိုလ်ဝင်တန်းဖြေဆိုထားသူ လူငယ်တစ်ဦး သေဆုံး

နေပြည်တော် တပ်ကုန်းမြို့နယ်တွင် အုပ်စုဖွဲ့ရန်ပြုခံရပြီး ဓားဖြင့်အထိုးခံရသဖြင့် တက္ကသိုလ်ဝင်တန်းဖြေဆိုထားသူ လူငယ်တစ်ဦး သေဆုံး
Published 3 April 2018

နေပြည်တော် တပ်ကုန်းမြို့နယ်တွင် အုပ်စုဖွဲ့ရန်ပြုခံရခြင်းကြောင့် ၁၀ တန်းဖြေဆိုထားသူ လူငယ်တစ်ဦး ဓားထိုးခံရပြီး သေဆုံးခဲ့ကြောင်း သိရသည်။

တပ်ကုန်းမြို့ ဘုရင့်နောင်ရပ်ကွက်နေ ဆယ်တန်းဖြေဆိုထားသူ ၁၆ နှစ် အရွယ် မောင်မှူးပြည့်စုံမှာ မတ် ၃၁ ရက် ည ၉နာရီခွဲ ခန့်က သူငယ်ချင်းများနှင့်အတူ တပ်ကုန်းမြို့အတွင်း ဆိုင်ကယ်မောင်းနှင်လာစဉ် အုပ်စုဖွဲ့ ဆိုင်ကယ်မောင်းလာသည့် လူငယ်အုပ်စုက လမ်းပိတ်ဆို့ကာ ရန်ပြုခံခဲ့ရခြင်းဖြစ်ကြောင်း မောင်မှူးပြည့်စုံ၏အစ်ကို ကိုချစ်မင်းဦးက ပြောကြားသည်။

“ခံရတဲ့ဘက်က အုပ်စုမဟုတ်ဘူး။ လေးယောက်ပေါ့။ ၁၀ တန်းဖြေထားတဲ့ ကလေးလေးတွေ၊ တစ်ဖက်အဖွဲ့ကတေ့ အုပ်စုလိုက်ပေါ့။ လူ ၂၀ လောက်ရှိတယ်။ ဆိုင်ကယ်အများကြီးနဲ့ မောင်းနေတဲ့သူတွေပေါ့။ ကလေး လေးယောက်ကို သူတို့အထဲက တစ်ယောက်က ဓားနဲ့လိုက်ထိုးတာပေါ့ ။ ကျွန်တော့်ညီလေးက ကြောင်တောင်တောင် ရပ်နေတော့ သူခံလိုက်ရတာပေါ့။ ကျန်တဲ့ကလေးတွေကတော့ ပြေးတော့လွတ်သွားတယ်” ဟု သေဆုံးသူ လူငယ်၏ အစ်ကိုဖြစ်သူ ကိုချစ်မင်းဦးက ပြောကြားသည်။

မောင်မှူးပြည့်စုံမှာ ရင်ဘတ်တွင် ဓားဒဏ်ရာရရှိခဲ့ပြီး တပ်ကုန်း ခုတင် ၁၀၀ ဆေးရုံမှ နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံသို့ ပြောင်းရွှေ့ကုသခဲ့သော်လည်း သေဆုံးခဲ့ကြောင်း၊ ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး သေဆုံးသူ၏ အစ်မဖြစ်သူ မမြင့်မြင့်သိန်းက တပ်ကုန်းမြို့နေ ဖြိုးသီဟ၊ ကျော်ထက်အောင် အပါအဝင် ပြစ်မှုကျူးလွန်သူများအား အရေးယူပေးရန်  တရားလိုပြုလုပ်တိုင်တန်းခဲ့ကြောင်း သိရသည်။

အဆိုပါ လူငယ်သေဆုံးခဲ့သည့်ဖြစ်စဉ် နှင့် ပတ်သက်ပြီး တပ်ကုန်းမြို့မရဲစခန်းတွင် ပုဒ်မ ၃၀၂၊ ၁၁၄ တို့ဖြင့် အမှုဖွင့်ထားကြောင်း၊ ဓားဖြင့်ထိုးသည့် တရားခံကြွက်နီ (ခ) ထက်ရာဇာနှင့် လူငယ်လေးဦးအား ဖမ်းဆီးစစ်ဆေး လျက်ရှိကြောင်း တပ်ကုန်းမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားသည်။

အဆိုပါအမှုတွင် ပြစ်မှုကျူးလွန်သူများမှာ ငါးဦးတည်းမဟုတ်ဘဲ အနည်းဆုံးလူငယ် ၁၅ မှ ၂၀ ဦးခန့်ရှိသည်ဟု သေဆုံးသူနှင့်အတူ ရန်ပြုခံရသည့် လူငယ်များက ပြောကြားခဲ့ကြောင်း၊ တိုင်ချက်ဖွင့်ရာတွင်မူ စခန်းမှ ငါးဦးသာ ထည့်သွင်းထားသကဲ့သို့  အခြားသော ရန်ပြုခံရသည့် လူငယ်သုံးဦးကိုလည်း ထည့်သွင်းထားခြင်းမရှိကြောင်း ကိုချစ်မင်းဦးက ပြောကြားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး တပ်ကုန်းမြို့မရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ အမှုကို တာဝန်ယူစစ်ဆေးနေသည့် စခန်းမှူးမရှိသေး၍ အမှုဖြစ်စဉ် အသေးစိတ်ကို ပြောကြားနိုင်ခြင်းမရှိကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

Most Read

Most Recent