FDA ဝန်ထမ်းအမျိုးသမီး သေဆုံးခဲ့ရခြင်းမှာ ရင်ညွှန့်ကျိုးဒဏ်ရာနှင့် လေပြွန်ပိတ်ဆို့ခြင်း စသည့်ဒဏ်ရာများတွေ့ရှိရပြီး သုက်ပိုးမတွေ့ရှိကြောင်း မှုခင်းဆရာဝန် တရားခွင်တွင် လာရောက်ထွက်ဆို

FDA ဝန်ထမ်းအမျိုးသမီး သေဆုံးခဲ့ရခြင်းမှာ ရင်ညွှန့်ကျိုးဒဏ်ရာနှင့် လေပြွန်ပိတ်ဆို့ခြင်း စသည့်ဒဏ်ရာများတွေ့ရှိရပြီး သုက်ပိုးမတွေ့ရှိကြောင်း မှုခင်းဆရာဝန် တရားခွင်တွင် လာရောက်ထွက်ဆို
Published 3 April 2018

FDA ဝန်ထမ်းအမျိုးသမီးမှာ ရင်ညွန့်ကျိုးဒဏ်ရာနှင့် လေပြွန်ပိတ်ဆို့ခြင်းစသည့် ဒဏ်ရာများတွေ့ရှိရပြီး သုက်ပိုးမတွေ့ရှိရကြောင်း  မှုခင်းဆရာဝန်က ဧပြီ ၂ ရက်တွင် အရှေ့ပိုင်းခရိုင်တရားရုံး တရားခွင်၌ လာရောက်ထွက်ဆိုခဲ့သည်။

အဆိုပါ ရုံးချိန်းတွင် မှုခင်းဆရာဝန်က သေဆုံးသူ FDA ဝန်ထမ်းအမျိုးသမီး၏ မိန်းမကိုယ်အင်္ဂါနှင့် စအိုတို့တွင် ထိုးသွင်းဒဏ်ရာများနှင့် သွေးခြည်ဥဒဏ်ရာများ တွေ့ရှိခဲ့သော်လည်း ယောကျ်ားသုက်ပိုးအား မတွေ့ရှိခဲ့ဟု တရားခွင်၌ ထွက်ဆိုခဲ့သည်။

“ဒီနေ့ကတော့ သေဆုံးသူရွှေရည်ဝင်းကို စစ်တဲ့ရလဒ်ရော မျိုးဇော်ဦးကို စစ်တဲ့ ရလဒ်ကိုရော မှုခင်းဆရာဝန်က ဆေးစာအရ ထွက်ဆိုခဲ့ပါတယ်။ ပြီးတော့ အဓမ္မပြုကျင့်တယ်လို့ စွပ်စွဲတာက သိပ်မခိုင်မာပါဘူး။ ဆရာဝန်ကြီးကို မေးခွန်းမေးတော့ သူက တရားရုံးက ဆုံးဖြတ်လိမ့်မယ်လို့ ပြောတယ်။ တချို့အမှုတွေက မိန်းမအင်္ဂါနဲ့ ယောကျ်ားအင်္ဂါမှာ သုက်ပိုးတွေ့တာတောင် ပြစ်မှုမမြောက်ဘူးဆိုတာ စီရင်ထုံးတွေမှာတောင်ရှိတယ်။ သေဆုံးသူရဲ့ အမျိုးသမီးအင်္ဂါမှာ အမျိုးသားသုက်ပိုးမတွေ့ ဘူးဆိုတဲ့ ဆေးရုံက ဆေးစာကို မှုခင်းဆရာဝန်က ပြောဆိုသွားတယ်။ မျိုးဇော်ဦး အဓမ္မပြုကျင့်တယ်ဆိုတာ မှုခင်းဆရာဝန်ကြီးရဲ့ ထွက်ချက်အရ မခိုင်မာပါဘူး။ လူသတ်မှုကျုးလွန်တယ်ဆိုတဲ့အချက်ကတော့ ခိုင်မာတယ်၊ ထင်ရှားတယ်။ အမှုအနေအထားအရတော့ ပေါ့သွားနိုင်တယ်” ဟု အဆိုပါအမှုတွင် မျိုးဇော်ဦးဘက်မှ အမှုလိုက်ပါဆောင်ရွက်ပေးသူ အထက်တန်းရှေ့နေ ဦးမောင်မောင်စိုးက ပြောကြားသည်။

ဧပြီ ၂ ရက် ရုံးချိန်းတွင် တရားလိုပြ သက်သေများအဖြစ် မှုခင်းဆရာဝန်တစ်ဦး အပြင် FDA မှ ဆရာဝန်သုံးဦးအား စစ်ဆေးခဲ့ပြီး ရုံးချိန်းအား ဧပြီ ၉ ရက်သို့ ပြန်လည်ချိန်းဆိုခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်မှာ အသတ်ခံခဲ့ရသည့် ဒုကြီးကြပ်ရေးမှူး အမျိုးသမီး၏ အလောင်းအား ဇန်နဝါရီ ၂၁ ရက်တွင် ဒဂုံမြောက်မြို့ နယ် (၃၃)တိုးချဲ့ရပ်ကွက် ငမိုးရိပ်ချောင်းကူး တံတားဘေး ကုလားမန်ကျည်းပင်အောက်၌ တွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

ကျူးလွန်သူ မျိုးဇော်ဦးအား ရဲတပ်ဖွဲ့က ဇန်နဝါရီ ၂၄ ရက်တွင် ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးရာ ဇန်နဝါရီ ၂၀ ရက် ည ၇ နာရီကျော်ခန့်တွင် လှည်းတန်းလမ်းဆုံအနီး အင်းစိန်လမ်းမပေါ်တွင် သေဆုံးသူ မရွှေရည်ဝင်းမှာ ဒဂုံမြို့နယ်သို့ပြန်ရန် ၎င်း၏ အငှားယာဉ်အား ငှားရမ်းစီးနင်းခဲ့ကြောင်း၊ ထိုသို့လိုက်ပါစီးနင်းစဉ် ကားငှားခနှင့်ပတ်သက်ပြီး ဈေးဆစ်ရာမှ ၎င်းတို့နှစ်ဦးမှာစကားများခဲ့ကြောင်း သိရသည်။

ထိုသို့ စကားများရာမှ မျိုးဇော်ဦးမှာ မရွှေရည်ဝင်း၏ လည်ပင်းအားညှစ်ရာ သတိလစ်သွားခဲ့ပြီး မရွှေရည်ဝင်းအား ၎င်းနေထိုင်ရာ ဒဂုံမြောက်မြို့နယ်သို့ ခေါ်ဆောင်လာခဲ့ကြောင်း၊ ယင်းနောက်လမ်းဘေးအမှောင် ရိပ်အတွင်း မရွှေရည်ဝင်း၏လည်ပင်းအား ဝက်အူလှည့်ဖြင့်တစ်ချက်ထိုးခဲ့ကြောင်း၊ မရွှေရည်ဝင်းမသေဆုံးမီ သားမယားအဖြစ် ပြုကျင့်ခဲ့ပြီး အလောင်းအား ငမိုးရိပ်ချောင်း ကူးတံတားဘေးသစ်ပင်အောက်တွင် စွန့်ပစ်ခဲ့သည်ဟု ဝန်ခံထွက်ဆိုခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားချက်အရ သိရသည်။

Most Read

Most Recent