၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ၊ နည်းဥပဒေများနှင့်အညီ လယ်ယာမြေလုပ်ကိုင်ခွင့် ပြုလက်မှတ် ပုံစံ (၇) များကို မှန်ကန်ပြည့်စုံစွာရရှိရန် မန္တလေးတိုင်းဒေသကြီးအစိုးရမှ ကြီးကြပ်ဆောင်ရွက်ပေးနိုင်ရေးအဆို တိုင်းလွှတ်တော်အတည်ပြု

၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ၊ နည်းဥပဒေများနှင့်အညီ လယ်ယာမြေလုပ်ကိုင်ခွင့် ပြုလက်မှတ် ပုံစံ (၇) များကို မှန်ကန်ပြည့်စုံစွာရရှိရန် မန္တလေးတိုင်းဒေသကြီးအစိုးရမှ ကြီးကြပ်ဆောင်ရွက်ပေးနိုင်ရေးအဆို တိုင်းလွှတ်တော်အတည်ပြု
Published 3 April 2018

ဧပြီ ၂ ရက်က မန္တလေးတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးကျင်းပနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ယဉ်မျိုးသွယ်)

၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ၊ နည်းဥပဒေများနှင့်အညီ လယ်ယာမြေလုပ်ကိုင် ခွင့်ပြုလက်မှတ်ပုံစံ (၇) များကို မှန်ကန်ပြည့်စုံစွာရရှိရန် မန္တလေးတိုင်းဒေသကြီးအစိုးရမှ ကြီးကြပ်ဆောင်ရွက်ပေးနိုင်ရေးအဆိုကို ဧပြီ ၂ ရက်ကကျင်းပသည့် မန္တလေးတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် အတည်ပြုခဲ့သည်။

ယင်းအဆိုကို အမရပူရမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဆွေက မတ် ၂၃ ရက်က ကျင်းပသည့် လွှတ်တော်အစည်းအဝေးတွင် တင်သွင်းခဲ့ခြင်း ဖြစ်သည်။

၂၀၁၂ ခုနှစ်တွင် ပြည်ထောင်စုလွှတ်တော် လယ်ယာမြေဥပဒေကို နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးပြဋ္ဌာန်းခဲ့ပြီး နည်းဥပဒေများကို ပြည်ထောင်စုဝန်ကြီး လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက လက်မှတ်ရေးထိုးပြဋ္ဌာန်းခဲ့ကြောင်း၊ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ (၇) ရရှိထားသူများသည် လယ်ယာမြေအားလုံးဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ လုပ်ပိုင်ခွင့်အား သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ရောင်းချခွင့်၊ ပေါင်နှံခွင့်၊ ငှားရမ်းခွင့်၊ လဲလှယ်ခွင့်နှင့် ပေးကမ်းခွင့်များ ရရှိခဲ့ကြကြောင်း၊ ဖော်ပြပါ အခွင့်အရေးများကြောင့် တောင်သူလယ်သမားများအတွက် လယ်ယာမြေလုပ် ပိုင်ခွင့်ပြုလက်မှတ်ပုံစံ (၇) သည် မရှိမဖြစ် လိုအပ်ချက်ဖြစ်နေခဲ့ရာ ယခင်အစိုးရ လက်ထက်တွင် ပုံစံ (၇) ထုတ်ပေးရေးကို သုံးလဖြင့် အပြီးလုပ်ရန် ညွှန်ကြားခဲ့ကြောင်း၊ သုံးလနှင့် ပြီးစီးရန်မဖြစ်နိုင်ခဲ့သောကြောင့် အချိန်တိုအတွင်း ဆောင်ရွက်ခဲ့ရသဖြင့် အမှားများစွာ ရှိခဲ့ပြီး ပုံစံ (၇) များကို ပြည့်စုံစွာမရရှိကြသေးကြောင်း၊ ထို့ကြောင့် ယခင်အစိုးရလက်ထက်က မပြီးပြတ်ခဲ့သော လယ်ယာမြေလုပ်ကိုင်ခွင့်ပြုလက်မှတ်ပုံစံ (၇) များ ကျန်ရှိနေသည်များကို ပြီးပြည့်စုံမှန်ကန်တိကျအောင် လုပ်ဆောင်ပေးရန်၊ ယခင်က မှား၍ထုတ်ထားခဲ့သော ပုံစံ (၇) များကို အမှန်အကန်ဖြစ်စေနိုင်ရေးအတွက် ပြန်လည်စိစစ်ပြုပြင်ပေးရန် မန္တလေးတိုင်းဒေသကြီးအစိုးရက ကြီးကြပ်ဆောင်ရွက်ပေးနိုင်ရေး တိုက်တွန်းကြောင်း အဆိုကို တင်သွင်းရခြင်းဖြစ်ကြောင်း ဦးမြင့်ဆွေက အဆိုတင်သွင်းစဉ် ပြောကြားသည်။

အဆိုနှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်ကိုးဦးက ထောက်ခံဆွေးနွေးခဲ့ပြီး သက်ဆိုင်ရာ မန္တလေးတိုင်းဒေသကြီး လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်းက ၂၀၁၈ ခုနှစ်အတွင်း အပြီးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ထံသို့လည်း တင်ပြထားပါသဖြင့် အဆိုကို လွှတ်တော်တွင် မှတ်တမ်းတင်ထားရှိရန် ပြောကြားခဲ့သည်။

သို့ရာတွင် အဆိုရှင် ဦးမြင့်ဆွေက လက်ခံခဲ့ခြင်းမရှိသောကြောင့် လွှတ်တော်တွင် စက်ခလုတ်အသုံးပြု၍ မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံဆန္ဒမဲ ၅၄ မဲ၊ ကန့်ကွက်မဲ ခုနစ်မဲ၊ ကြားနေခြောက်မဲရှိခဲ့သဖြင့် မဲပေးခွင့်ရှိသူ၏ထက်ဝက်ကျော် ထောက်ခံခဲ့သောကြောင့် ယင်းအဆိုကို တိုင်းဒေသကြီးလွှတ်တော်က အတည်ပြုခဲ့သည်။

Most Read

Most Recent