ဟားခါးမြို့နှင့် ကလေးမြို့တို့တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွား

ဟားခါးမြို့နှင့် ကလေးမြို့တို့တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွား
Published 2 April 2018

ဟားခါးမြို့တွင် ဖြစ်ပွားခဲ့သည့် မီးလောင်ကျွမ်းမှုအား တွေ့ရစဉ်

ချင်းပြည်နယ် ဟားခါးမြို့နှင့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တို့တွင် ဧပြီလ နှစ်ရက်နေ့က မီးလောင်ကျွမ်းမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဟားခါးမြို့ မီးလောင်မှုနှင့် ပတ်သက်၍ “တယ်လီဖုန်း အားသွင်းထားခဲ့ပြီးတော့ အပူလွန်ကဲပြီးတော့ ဖြစ်တာပါ။ ဟားခါးမြို့ ဈေးသစ်ရပ်ကွက်၊ သီတာလမ်းသွယ်ထဲကအိမ် ဖြစ်ပါတယ်။ မီးက သိပ်မများပါဘူး။ ကြမ်းခင်းရယ်၊ မျက်နှာကျက်၊ ပြူတင်းပေါက်လေးတွေပဲ လောင်တာပါ။ တစ်အိမ်လုံး မလောင်ဘူးဗျ။ စတင်လောင်ကျွမ်းချိန်က ခန့်မှန်း နေ့လည် ၂ နာရီ၊ ငြိမ်းတာက နေ့လည် ၂နာရီ ၂၀ မိနစ်လောက်ဆို ငြိမ်းပါပြီ။ မီးသတ်ကား ၄ စီးနဲ့ တပ်ဖွဲ့ဝင်အင်အား ၂၅ ယောက်နဲ့ ငြိမ်းသတ်ခဲ့ပါတယ်။ ၂၀၁၈ ထဲမှာဆိုရင် ဒုတိယအကြိမ်ပေါ့။ ပထမဆုံး အကြိမ်က ပြည်တော်သာရပ်ကွက်မှာ တစ်ကြိမ် မီးလောင်ခဲ့ပါတယ်။ ကလေးတွေ ဖုန်းအားသွင်းထားခဲ့တယ် ဖုန်းကြိုးတွေ ဖုန်းတွေ အပူလွန်ကဲရာကတဆင့် မီးလောင်မှုဖြစ်တယ်။ ဖုန်းတွေရော မယူလိုက်ရဘူး ပြောပါတယ်” ဟု ဟားခါးမြို့နယ် မီးသတ်ဌာန မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ထို့အတူ ဧပြီ ၂ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင်လည်း မီးအနည်းငယ် လောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကလေးမြို့ မီးလောင်မှုနှင့် ပတ်သက်၍ ကလေးမြို့နယ် မီးသတ်စခန်းမှု ဘိုဘိုဝင်းက “အိမ်နည်းနည်း လောင်သွားပါတယ်။ မနက်ပိုင်း ၁၁ နာရီ ၃၀ မိနစ်လောက်မှာ စလောင်ပြီး သိပ်မကြာလိုက်ပါဘူး။ ၁၁ နာရီ ၃၅ လောက်မှာ လုံး၀ ငြိမ်းသွားတယ်။ လေအေးပေးစက် အပူလွန်ကဲရာမှာ အနီးရှိမွှေ့ယာသို့ ကူးစက်လောင်တာပါ။ နေရာက အောင်ဇေယျရပ်ကွက်၊ အောင်မြေလမ်းမှာရှိတဲ့ အိမ်ပါ” ဟု ပြောကြားခဲ့သည်။

အဆိုပါ မီးလောင်ကျွမ်းမှုများနှင့် ပတ်သက်၍ သက်ဆိုင်ရာ ရဲစခန်းများမှ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၈၅ ဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent