မြို့နယ်တရားသူကြီးတစ်ဦးနှင့် အထက်တန်းရှေ့နေတစ်ဦးတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့် သံတွဲမြို့တွင် အမှုဖွင့်အရေးယူ

မြို့နယ်တရားသူကြီးတစ်ဦးနှင့် အထက်တန်းရှေ့နေတစ်ဦးတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့် သံတွဲမြို့တွင် အမှုဖွင့်အရေးယူ
Published 2 April 2018

 

တရားလိုထံမှ ၆၂ သိန်းခန့် တောင်းခံရယူခဲ့သည် ကျိုက်ထိုမြို့နယ်တရားသူကြီး ဦးဦးသိန်းထွန်း(ယခင် သံတွဲမြို့နယ်တရားသူကြီး)နှင့် အထက်တန်းရှေ့နေ ဒေါ်ခင်ချိုဝင်း (သံတွဲမြို့) တို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့် အမှုဖွင့်အရေးယူခဲ့ကြောင်း မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက် ဖျက်ရေးကော်မရှင်၏ Facebook Page ဖြစ်သော ACC Myanmar တွင် ဧပြီ ၁ ရက် က ဖော်ပြထားမှုအရ သိရသည်။

အဆိုပါ ဖော်ပြချက်တွင် ရခိုင်ပြည်နယ်၊ သံတွဲမြို့နေ နစ်နာသူက သံတွဲမြို့နယ် တရားရုံး၏ ရာဇဝတ်ကြီးမှုအမှတ် ၁၃၅/ ၂၀၁၆ အမှုတွင် ကျိုက်ထိုမြို့နယ်တရားသူကြီး (ယခင် သံတွဲမြို့နယ်တရားသူကြီး) ဦးဦးသိန်းထွန်းသည် နစ်နာသူထံမှ လာဘ်ငွေကျပ် ၆,၂၁၇,၀၀၀ိ/ ကို အလီလီရယူခဲ့ခြင်း၊ တရားခံဘက်မှ ငွေကျပ်သိန်း ၁၀၀ ရယူပြီး အမှုအနိုင်ပေးခြင်း၊ သက်သေထွက်ဆိုချက်များအား ပြင်ဆင်ဖြည့်စွက်ခြင်းတို့ ပြုလုပ်ခဲ့သဖြင့် ဥပဒေနှင့်အညီ အရေးယူပေးပါရန် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားခဲ့ကြောင်းပါရှိသည်။

ထိုတိုင်ကြားစာအရ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ မြို့နယ်တရားသူကြီး ဦးဦးသိန်းထွန်း (တ-၂၆၀၈) သည် သံတွဲမြို့နယ်တွင် တာဝန်ထမ်းဆောင်စဉ် ရာဇဝတ်ကြီးမှုအမှတ် ၁၃၅/ ၂၀၁၆ အမှု၏တရားလိုထံမှ ငွေကျပ် ၆,၂၁၇,၀၀၀ိ/ - ကို တောင်းခံရယူခဲ့သည့်အတွက် မြို့နယ်တရားသူကြီးတစ်ဦးအနေဖြင့် လုပ်ပိုင်ခွင့်အာဏာရှိသူက ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ ဆောင်ရွက်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ ဖော်ပြချက်အရ သိရသည်။

ယင်းသို့  စစ်ဆေးပေါ်ပေါက်သဖြင့် မြို့နယ်တရားသူကြီးဦးဦးသိန်းထွန်း (တ-၂၆၀၈)  အပေါ် ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ တရားစွဲဆို အရေးယူနိုင်ရေး သံတွဲမြို့ မြို့မရဲစခန်းတွင် ဧပြီ ၁ ရက်က အမှုဖွင့်လှစ်ခဲ့သည်။

ထို့ပြင် အထက်တန်းရှေ့နေ ဒေါ်ခင်ချိုဝင်း (စဉ်-၃၅၇၀၂) သည် ရာဇဝတ်ကြီးမှု အမှတ် ၁၃၅/ ၂၀၁၆ အမှု၏ တရားလိုက မြို့နယ်တရားသူကြီး ဦးဦးသိန်းထွန်းအား စုစုပေါင်းငွေကျပ်  ၆,၂၁၇,၀၀၀ိ/ ပေးခဲ့သည့် အနက် ငွေကျပ် ၄,၇၅၅,၀၀၀ိ/ ကို တရားလို ထံမှတောင်းယူပြီး မြို့နယ်တရားသူကြီး ဦးဦးသိန်းထွန်းထံသို့ ပေးခဲ့ခြင်းဖြင့် အားပေးကူညီခဲ့ကြောင်း ပေါ်ပေါက်သည့်အတွက် ဒေါ်ခင်ချိုဝင်းအပေါ် ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆/ ၆၃ အရ ဧပြီ ၁ ရက်၌ သံတွဲမြို့ မြို့မရဲစခန်းတွင်ပင် အမှုဖွင့်လှစ်ကာ တရားစွဲဆို အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent