မြောက်ဥက္ကလာပမြို့နယ် (ဌ) ရပ်ကွက် ဈေးအနီး မီးလောင်ကျွမ်းမှုဖြစ်ပွားရာ နေအိမ်လေးလုံး မီးလောင်ပျက်စီး

မြောက်ဥက္ကလာပမြို့နယ် (ဌ) ရပ်ကွက် ဈေးအနီး မီးလောင်ကျွမ်းမှုဖြစ်ပွားရာ နေအိမ်လေးလုံး မီးလောင်ပျက်စီး
Published 2 April 2018

မြောက်ဥက္ကလာပမြို့နယ် (ဌ) ရပ်ကွက် အဆိုပါ ရပ်ကွက်ဈေးအနီး ပုလဲ(၁)လမ်းတွင် ဧပြီ (၁) ရက် ညနေ ၄ နာရီခန့်က မီးလောင်ကျွမ်းမှုဖြစ်ပွား နေအိမ်လေးလုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားရာနေရာတွင် ၁၀ ပေမှ ၁၅ ပေအကျယ်ရှိ နေအိမ်များ တန်းစီတည်ဆောက်ထားသော နေရာများဖြစ်ပြီး လူနေထူထပ်သော နေရာတစ်ခုလည်းဖြစ်ကြောင်း သိရသည်။

“မီးစလောင်တုန်းတော့ ကျွန်တော်မရှိဘူးဗျ။ အပြင်က ပြန်ရောက်လာတော့မှ မီးလောင်နေမှန်းသိလို့ ဝိုင်းငြှိမ်းတာ။ တစ်ရပ်ကွက်လုံး ဝိုင်းငြှိမ်းကြတယ်။ အိမ်တွေကို ကုန်ရော။ အိမ်တွေက ၁၀ ပေတွေချည်းပဲ။ သစ်ဆိုင်နောက်ကျောနေရာကနေ စလောင်တယ်လို့ ပြောကြတယ်” မီးလောင်မှုအား ဝိုင်းဝန်ငြှိမ်းသတ်ပေးခဲ့သော ပုလဲ(၁) လမ်းနေ အမျိုးသားတစ်ဦးက ပြောကြားသည်။

(ဌ) ရပ်ကွက် ပုလဲ(၁)လမ်းတွင် မီးစတင်လောင်ကျွမ်းချိန်တွင် မီးငြှိမ်းသတ်ယာဉ်များ ရောက်မလာခင် ရပ်ကွက်နေပြည်သူများသည် မီးလောင်သည့်နေရာနှင့်ကပ်လျှက် ရေကန်မှ ရေများဖြင့် ဝိုင်းဝန်းကြိုးပမ်း မီးငြှိမ်းခဲ့ရကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုတွင် မျက်နှာစာ ၁၀ ပေခန့်ကျယ်သော နေအိမ် ၃ လုံး မီးလောင်ပျက်စီးခဲ့ပြီး နှစ်ထပ်တိုက်တစ်လုံးမှာ အိမ်တစ်ခြမ်း မီးကူးစက်လောင်ကျွမ်းခံခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း မီးလောင်မှုဖြစ်ပွားနေရာမှ မီးသတ်အရာရှိတစ်ဦးက ပြောကြားသည်။

မီးလောင်မှုဖြစ်ပွားရာနေရာသို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ မီးငြှိမ်းသတ်မှု ယာဉ်စေလွှတ်မှု အဆင့် (၂) သတ်မှတ်၍ မီးငြှိမ်းသတ်ယာဉ်များစေလွှတ်ကာ မီးငြှိမ်းစေခဲ့ကာ ညနေ ၅ နာရီခန့်တွင် မီးလုံးဝငြိမ်းသွားကြောင်းနှင့် မီးလောင်မှု အကြောင်းအရင်းအား စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

Most Read

Most Recent