နိုင်ငံတော်သမ္မတအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရရှိထားသည့် အခွင့်အာဏာကို မှန်မှန်ကန်ကန် အသုံးချသွားပါက အောင်မြင်မည်ဟု မျှော်လင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များ ပြောကြား

နိုင်ငံတော်သမ္မတအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရရှိထားသည့် အခွင့်အာဏာကို မှန်မှန်ကန်ကန် အသုံးချသွားပါက အောင်မြင်မည်ဟု မျှော်လင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များ ပြောကြား
Published 2 April 2018

မတ် ၂၈ ရက်က ပြည်ထောင်စုလွှတ်တော်၌ နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်အပြီး ပြန်လည်ထွက်ခွာလာသည့် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်ခံရသော ဦးဝင်းမြင့်အား တွေ့ရစဉ် (Photo: AFP)

နိုင်ငံတော်သမ္မတအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရရှိထားသည့် အခွင့်အာဏာကို မှန်မှန်ကန်ကန် အသုံးချသွားပါက အောင်မြင်မည်ဟု မျှော်လင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားသည်။

နိုင်ငံတော်သမ္မတအဖြစ် ကတိပြုပြီး ပြည်ထောင်စုလွှတ်တော် အစည်းအဝေးပြီးဆုံးချိန်တွင် နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းနှင့်ပတ်သက်ပြီး လွှတ်တေ်ာကိုယ်စားလှယ်များအား မေးမြန်းရာတွင် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ပျော်ဘွယ်မြို့နယ် မဲဆန္ဒနယ်မှ ဦးသောင်းအေးက “သမ္မတသစ်တစ်ယောက်ရဲ့ မိန့်ခွန်းအနေနဲ့ ပြောသွားတဲ့ အချက်အလက်တွေက ကောင်းမွန်ပါတယ်။ ပြည်သူပြည်သားတွေ မျှော်မှန်းထားတဲ့ အတိုင်းလည်း ပြောသွားတာ ဖြစ်ပါတယ်။ ကြိုဆိုတယ်လို့ပဲ ပြောရမှာပေါ့။ ပြောသွားတဲ့အထဲမှာ တစ်ခုပါတာပေ့ါ။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သူရရှိထားတဲ့ အခွင့်အာဏာပေ့ါ။ ဒီဟာကို မှန်မှန်ကန်ကန်နဲ့ အသုံးချပြီးတော့သွားမယ်။ နောက်တစ်ခုက တကယ် ပကတိဖြစ်ပျက်နေတဲ့ ပြည်သူလူထုရဲ့ ဘဝကို အမှန်အတိုင်းသိမယ်။ မြင်မယ်။ အဲဒီဟာတွေကို တွေ့တယ်မြင်တယ် တကယ်လုပ်ဆောင်သွားမယ်ဆိုရင်တော့ ပြောစရာမရှိပါဘူး။ အောင်မြင်မယ်လို့ မျှော်လင့်ပါတယ်။ သမ္မတသစ်တစ်ယောက် အနေနဲ့ ဖြတ်သန်းခဲ့တဲ့ နှစ်နှစ်တာကာလရော ဟိုးအတိတ်ကဖြစ်ခဲ့တဲ့ အခြေအနေရော ဒါတွေအပေါ်မှာ သင်ခန်းစာယူဖို့လိုတယ်။ ကောင်းတာတွေကို ပိုပြီးတော့ ကောင်းအောင်လုပ်သွားဖို့လိုသလို မကောင်းတာတွေကိုလည်း ပြုပြင်သွားဖို့လိုတာပေ့ါ။ ပြည်သူလူထုကို တကယ်ပဲ ခံစားနေရတဲ့ ဘဝကိုနားလည်ပြီးတော့ တကယ်လုပ်သွားနိုင်မယ် ဆိုရင်တော့ ဝမ်းပန်းတသာ ကြိုဆိုပြီးတော့ ပူးပေါင်းဆောင်ရွက်သွားမှာပါ” ဟု သတင်းထောက်များအား ပြောကြားသည်။

ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၁၁) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက “ပြည်သူများရဲ့ လူနေမှုဘဝမြင့်မားရေး ဒါမြန်မာနိုင်ငံရဲ့ ပဓာနကျတဲ့ အရေးကြီးဆုံး အလုပ်တွေကို နံပါတ်(၁)မှာ ထည့်သွင်း ပြောကြားသွားတဲ့အတွက် ကျေးဇူးတင်တယ်။ နောက်တစ်ခုက ငြိမ်းချမ်းရေးဖြစ်စဉ်။ ငြိမ်းချမ်းရေးဖြစ်စဉ်ကတော့ ဒီမိုကရေစီ တစ်လျှောက်လုံး လုပ်ဆောင်သွားရမှာဖြစ်တယ်။ ဒီပေါ်မှာ အတိုချုပ် သုံးသပ်ရရင်တော့ အင်မတန်မှ ခွန်အားကောင်းတဲ့ Speech ဖြစ်တယ်။ အမှန်တကယ် မြန်မာနိုင်ငံရဲ့ လိုအပ်ချက်နဲ့ ကွက်တိကျတဲ့ တရားဥပဒေ စိုးမိုးရေးနဲ့ ပြည်သူ့ဘ၀ မြှင့်တင်ရေးဖြစ်တယ်။ နောက်တစ်ခုက သဘောအကျဆုံးအချက်က ပညာရေး။ လူငယ်တွေအတွက် ပညာရေး ပြောဆိုတဲ့အခါမှာ အဆင့်မြင့်ပညာရေးပေါ့ နိုင်ငံတကာ စံချိန်မီပညာရေးဆိုတာကို အားရတယ်။ နိုင်ငံကို လက်လွှဲပြောင်းယူကြမယ့် ကျောင်းသားလူငယ်တွေအတွက် အဓိကကျတဲ့အရာတစ်ခုကို သမ္မတမိန့်ခွန်း တိုတိုတုတ်တုတ်ထဲမှာ ပါဝင်သွားတဲ့အတွက် အင်မတန်မှ အားကောင်းတဲ့ Speech တစ်ခုဖြစ်ကြောင်း ပြောကြားလိုပါတယ်။ မိန့်ခွန်းအရ မိန့်ခွန်းက အရမ်းကို ခိုင်မာတယ်။ ပြတ်သားတယ်။ တိကျတယ်။ ဒါကြောင့် သမ္မတပဲဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ် အလုပ်တစ်ခုကို ဆောင်ရွက်တဲ့အခါမှာ ကောင်းသထက်ကောင်းအောင် ပိုပြီးတော့ ကောင်းလာမယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က “အတွေ့အကြုံက အများကြီး ရှိနေပြီ။ ဘာပဲပြောပြော နိုင်ငံရေးရော လွှတ်တော်အတွေ့အကြုံရော ရှိထားပြီဆိုတော့ အုပ်ချုပ်ရေးပိုင်းမှာ ပိုပြီးတော့ နက်နက်နဲနဲ လုပ်နိုင်မယ်ထင်တယ်။ အဂတိတိုက်ဖျက်ရေးလည်း သူက နဂိုကတည်းက စိတ်သန်တယ်။ ပြောသွားတဲ့မိန့်ခွန်းမှာ လိုအပ်ချက်တွေ အကုန်လုံးပြောသွားတယ်။ အဲဒီမိန့်ခွန်းကို ကြည့်လိုက်ရင် သူ့သဘောထားကို တွေ့ပါလိမ့်မယ်။ ကျွန်တော်တို့ကတော့ အကောင်းကို ပိုမျှော်လင့်တာပေ့ါနော်။ ငြိမ်းချမ်းရေး အတွက်လည်း ပိုမျှော်လင့်တယ်။ သမ္မတသစ်လည်း ဖြစ်တယ်။ အရှိန်အဟုန်နဲ့ လုပ်နိုင်လိမ့်မယ်လို့ ထင်ပါတယ်” ဟု သတင်းထောက်များအား ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးဝင်းထိန်က “ဦးဝင်းမြင့်က တစ်လျှောက်လုံး NLD မှာ ကျရာတာဝန်ထမ်းဆောင်ခဲ့တယ်။ ပြီးခဲ့တဲ့ လွှတ်တော်တရားဥပဒေစိုးမိုးရေးမှာလည်း ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌ သူကအတွင်းရေးမှူးနဲ့ တာဝန်ထမ်းဆောင်ခဲ့တယ်။ ဒီမှာလည်း ပြည်သူ့လွှတ်တော်မှာ နှစ်နှစ်ဥက္ကဋ္ဌဆိုတော့ သူက အရည်အချင်း ရှိတာပေါ့။ သူကိုယ်တိုင်ကလည်း အနစ်နာခံခဲ့တာတွေရှိတော့ သူ့ရာထူးနဲ့ ထိုက်တန်တယ်လို့ ယူဆတယ်။ ဝမ်းသာတယ်။ မုဒိတာနဲ့ ဝမ်းသာတယ်။ သူ့မိန့်ခွန်းထဲမှာလည်း ပါတယ်။ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးစသည်ဖြင့် သူဆိုရင် ပိုပြီးတော့ လုပ်နိုင်လိမ့်မယ်လို့ ယုံကြည်တယ်။ မိန့်ခွန်းကတော့ သူ့ထုံးစံအတိုင်း လိုတိုရှင်း။ လိုတာကို တိုတိုနဲ့ ရှင်းရှင်းလင်းလင်း ပြောသွားတာပေ့ါ။ ကျေနပ်ပါတယ်” ဟု ပြောကြားသည်။

ဦးဝင်းမြင့်ကို ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့က ဒုတိယသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ပြီး မတ် ၂၈ ရက်တွင် ကျင်းပသည့် နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ပွဲ၌ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံး ပါဝင်သော နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ရေး အဖွဲ့က နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ခြင်းဖြစ်ကာ မတ် ၃၀ ရက်တွင် ပြည်ထောင်စုလွှတ်တော်၌ ကတိသစ္စာပြုကာ သမ္မတတာဝန် စတင်ထမ်းဆောင်နေပြီဖြစ်သည်။

Most Read

Most Recent