ဧပြီလ ပထမပတ် ၁၀ ရက်အတွင်း မြန်မာနိုင်ငံနေရာအနှံ့ မိုးထစ်ချုန်းရွာသွန်းမည်ဟု မိုးဇလပညာရှင် ပြောကြား

ဧပြီလ ပထမပတ် ၁၀ ရက်အတွင်း မြန်မာနိုင်ငံနေရာအနှံ့ မိုးထစ်ချုန်းရွာသွန်းမည်ဟု မိုးဇလပညာရှင် ပြောကြား
Published 1 April 2018

နေပြည်တော် မြို့မဈေး ညဈေးတန်းတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သည်ကို မတ် ၃၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-မျိုးဟိန်းထက်)

ယခုလ ပထမပတ် ၁၀ ရက်အတွင်း မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် မိုးထစ်ချုန်းရွာသွန်းနေမည်ဖြစ်ကြောင်း မိုးလေဝသပညာရှင် ဦးချစ်ကျော်က ပြောကြားသည်။

“ဒီနှစ် ဧပြီ ယခင်နှစ်များနဲ့ ကွဲပြားခြားနားပြီး ပူလိုက် မိုးထစ်ချုန်းရွာ အပူပြန်လျော့လိုက်နဲ့ မိုးပြတ်တောင်းပြတ်တောင်းရွာနေမယ့်လမျိုး ဖြစ်နိုင်ပါတယ်။ အခုကနေ ဧပြီလ ၁၀ ရက်အတွင်းလည်း မိုးပြတ်တောင်းပြတ်တောင်း ဒေသအလိုက် ပြောင်းရွှေ့ရွာနိုင်တာကို ပြထားပါတယ်။ အလားတူ အိန္ဒိယနိုင်ငံ ဘင်္ဂလားဒေ့ရှ် ထိုင်း၊ လာအို၊ ဗီယက်နမ်၊ တရုတ်တောင်ပိုင်းတွေလည်း ရွာနေမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံ အလယ်ပိုင်းကတော့ မိုးသက်သာနိုင်လို့ သီးနှံအပေါ်ထိခိုက်မှု သက်သာနိုင်ပါတယ်။ လေပြင်းတချို့ သတိပြုစေလိုပါတယ်” ဟု ဦးချစ်ကျော်က ပြောကြားသည်။

ထို့ပြင် ဧပြီ ပထမ ၁၀ ရက်အတွင်း တစ်ပြည်လုံး၌ မိုးထစ်ချုန်းရွာသွန်းမည့် အနေအထားကြောင့် ရေငွေ့လျော့ကျသွားမည်ဖြစ်ပြီး၊ လေဖိအားနည်းရပ်ဝန်းသည့် ပထမ ၁၀ ရက်အတွင်း ဖြစ်နိုင်ခြေ လျော့ကျသွားနိုင်ကြောင်း ဦးချစ်ကျော်က ပြောကြားသည်။

“စိုက်ပျိုးရေးသမားနဲ့ ဆားသမားများအတွက် အရေးကြီးပါတယ်။ ၁၀ ရက်ကျော်လျှင် အပူချိန် ပြန်တက်လာနိုင်ပါတယ်။ ရေငွေ့ပျံနှုန်းလည်း ပြန်မြင့်လာနိုင်ပါတယ်။ အပူချိန်မြင့်တက်မှုလည်းမြန်ပြီး ငါးရက်မှ ခြောက်ရက်လောက်ကြာတဲ့အခါ တိမ်တွေပြန်တက်လာပြီး ကွက်ကျားမိုးတွေ ထစ်ချုန်းရွာနိုင်ပါတယ်။ အထူးသဖြင့် တနင်္သာရီ၊ မွန်၊ ကရင်၊ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းတွေ ဖြစ်ပါတယ်။ ဒီရက်ပိုင်းတွေမှာ လေပွေလှိုင်းတွေကြောင့်လည်း မြန်မာနိုင်ငံ မြောက်ပိုင်းစွန်း/တောင် ပိုင်းစွန်းတွေ မိုးရွာနိုင်ပါတယ်။ သဘောက တစ်ပတ်အတွင်း ထစ်ချုန်းမိုးတစ်ကြိမ်လောက် ရွာနိုင်တဲ့ သဘောမျိုးလို့ သိစေလိုပါတယ်” ဟု ဦးချစ်ကျော်က ပြောကြားသည်။

ထို့ပြင် ဧပြီလ ဒုတိယ ၁၀ ရက်ပတ် (ဧပြီ ၁၁-၂၀ ရက်)အတွင်း မုန်တိုင်းမဖြစ်ခဲ့ပါက တတိယ ၁၀ ရက်တွင် ဖြစ်နိုင်ခြေ မြင့်မားလာနိုင်ကြောင်း၊ လေဖိအားနည်းရပ်ဝန်း စတင်ဖြစ်ပေါ်ကာ ယင်းမှတစ်ဆင့် မုန်တိုင်းငယ်အဖြစ် ပြောင်းလဲကြောင်း၊ ဘင်္ဂလားပင်လယ်အော်၏ မည်သည့် အပိုင်းတွင် ဖြစ်ပေါ်မည်ကိုလည်း သတိပြုရန်လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ဧပြီလတွင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်း နှစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီး တစ်ကြိမ်သည် ပိုမိုအားကောင်းကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ ဧပြီလပတ် မိုးလေဝသ ခန့်မှန်းချက်အရ သိရသည်။

ခန့်မှန်းချက်တွင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့တွင် လေဖိအားနည်းရပ်ဝန်း နှစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီး တစ်ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်ပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ကြောင်း သိရသည်။

Most Read

Most Recent