ဟုမ္မလင်းမြို့နယ်တွင် စိုက်ပျိုးရေးသိပ္ပံကျောင်းကို ကျပ်သန်းပေါင်း ၆၀၀၀ ကျော် အကုန်အကျခံ၍ ဆောက်လုပ်နေ

ဟုမ္မလင်းမြို့နယ်တွင် စိုက်ပျိုးရေးသိပ္ပံကျောင်းကို ကျပ်သန်းပေါင်း ၆၀၀၀ ကျော် အကုန်အကျခံ၍ ဆောက်လုပ်နေ
Published 1 April 2018

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်တွင် စိုက်ပျိုးရေး သိပ္ပံကျောင်းကို ကျပ်သန်းပေါင်း ၆၀၀၀ ကျော် အကုန်အကျခံ၍ ဆောက်လုပ်နေကြောင်း သိရသည်။

ဟုမ္မလင်းမြို့နယ် ကက်သာကျေးရွာရှိ ဧက ၂၃၀ ရှိသော မြေအကျယ်အဝန်းတွင် ၂၀၁၆-၂၀၁၇ ခုနှစ်မှ စတင်ဆောက်လုပ်ကာ ၂၀၁၈-၂၀၁၉ ခုနှစ်တွင် စတင်ဖွင့်လှစ် သင်ကြားနိုင်မည်ဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းတွင် ပထမဆုံးဆောက်လုပ်သော စိုက်ပျိုးရေးသိပ္ပံကျောင်းဖြစ်ပြီး ထိုကျောင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းမြို့နယ်များဖြစ်သော ကလေးဝ၊ မော်လိုက်၊ ဖောင်းပြင်၊ ဟုမ္မလင်းနှင့် ခန္တီးမြို့နယ်များမှ ကျောင်းသားကျောင်းသူများနှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ကျောင်းသားကျောင်းသူများ တက်ရောက်သင်ကြားနိုင်မည် ဖြစ်ကြောင်း သိရသည်။

“အခုပြောတဲ့ မြို့နယ်တွေအပြင် မြန်မာတစ်နိုင်ငံလုံးက စိတ်ဝင်စားတဲ့ ကျောင်းသားကျောင်းသူတွေလည်း လာတက်လို့ရပါတယ်။ ခုနကပြောတဲ့ မြို့နယ်တွေကတော့ အနီးအနားကဆိုတော့ လာရပိုလွယ်တာပေါ့။ ဒီဟုမ္မလင်းမှာ စိုက်ပျိုးရေး သိပ္ပံကျောင်းဖွင့်တယ်ဆိုတာကလည်း ဒီဘက်ဒေသကနေပြီး မြို့ကြီးတွေမှာ သွားတက်ရရင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲလွန်းတာ ငွေကုန်ကြေးကျပိုများတာတွေကြောင့်ရယ်၊ နောက်ပြီး ဒီဘက်အရပ်ဒေသမှာ စိုက်ပျိုးရေးလုပ်ငန်းတွေကို စနစ်တကျ ထွန်းကားစေချင်တာ၊ ဒေသခံတွေက စိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့ နည်းပညာတွေ ပိုမိုရရှိစေချင်တာတွေကြောင့် အစိုးရကနေပြီး အခုလို ဖွင့်ပေးလိုက်တာပါ” ဟု ဒေါ်စုစုထွေးက ပြောကြားသည်။

ထိုကျောင်းတွင် တစ်နှစ်လျှင် ကျောင်းသားကျောင်းသူ အနည်းဆုံး ၁၂၀ လက်ခံသင်ကြားပေးမည်ဖြစ်ပြီး တက္ကသိုလ်ဝင်တန်းတွင် သိပ္ပံဘာသာရပ်ဖြင့် အောင်မြင်သူများ၊ သိပ္ပံနှင့် ဝိဇ္ဇာဘာသာပေါင်းစပ်အတွဲများဖြင့် အောင်မြင်ထားသော အသက် ၂၂ အောက် ကျောင်းသားကျောင်းသူများနှင့် အသက် ၃၅ နှစ်အောက် ဝန်ထမ်းများ တက်ရောက်နိုင်ပြီး ဝင်ခွင့်စာမေးပွဲဖြေဆိုရန် မလိုကြောင်း သိရသည်။

“သင်တန်းခေါ်တာကတော့ တခြားအသက်မွေးဝမ်းကျောင်း တက္ကသိုလ်တွေလိုပဲ လျှောက်လွှာနဲ့ခေါ်မယ်။ ဒါပေမဲ့ သူကကျတော့ တခြားဟာတွေနဲ့ မတူတာတစ်ခုက တက္ကသိုလ်စာမေးပွဲအောင်တဲ့နှစ်မှာ အဆင်မပြေလို့ မတတ်နိုင်သေးဘူး နောက်တစ်နှစ်မှ တက်မယ်ဆိုလည်း ရတယ်။ အမှတ်ကတော့ မကန့်သတ်ထားဘူး။ သိပွံနဲ့ သိပ္ပံနဲ့ ဝိဇ္ဇာပေါင်းစပ်တွဲအောင်တဲ့ လူတိုင်းတက်လို့ရတယ်။ တက်တဲ့အခါမှာလည်း ဒီကျောင်းမှာပဲ ကျောင်းအိပ်ကျောင်းစားပုံစံနဲ့ တက်ရမယ်။ ကျောင်းဝင်းထဲမှာပဲ လယ်ကွင်းတွေ၊ ဥယျာဉ်ခြံတွေ၊ တောင်ယာတွေလုပ်ထားပြီး Field ဆင်းရင် အပြင်ထွက်စရာမလိုပဲ ကျောင်းဝင်းအတွင်းမှာပဲ ဆင်းရမယ်” ဟု ဒေါ်စုစုထွေးက ဆက်လက်ပြောကြားသည်။

သင်တန်းကာလ ပညာသင်ကြားနှစ်မှာ သုံးနှစ်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက စိုက်ပျိုးရေးဒီပလိုမာ (Diploma in Agriculture) ဘွဲ့ရရှိမည်ဖြစ်ကာ လယ်ယာသီးနှံစိုက်ပျိုးရေး၊ ဥယျာဉ်ခြံသီးနှံစိုက်ပျိုးရေး၊ တိရစ္ဆာန်မွေးမြူရေး၊ စိုက်ပျိုးရေး ဓာတုဗေဒ၊ စိုက်ပျိုးရေးရုက္ခဗေဒ၊ သီးနှံကာကွယ်ရေး၊ လယ်ယာစက်မှုလက်မှု၊ စိုက်ပျိုးရေးတိုးချဲ့ ပညာပေးရေး၊ လယ်ယာမြေစီမံခန့်ခွဲမှုနှင့် စာရင်းအင်း၊ သင်္ချာ၊ ရူပ၊ အင်္ဂလိပ်စာ စသည့်ဘာသာရပ်များ သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေး သိပ္ပံကျောင်းသည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း သုံးခုမြောက် ဆောက်လုပ်သော စိုက်ပျိုးရေးသိပ္ပံကျောင်းဖြစ်ပြီး အထက်ချင်းတွင်းဒေသတွင် ပထမဆုံးဆောက်လုပ်သော စိုက်ပျိုးရေးသိပ္ပံကျောင်းဖြစ်သည်။