တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် ကံပေါက်ဒေသတွင် LNG မှ လျှပ်စစ်ဓာတ်အား ထုတ်ယူပြီး လျှပ်စစ်ဓာတ်အား လိုင်းသွယ်တန်းမှုနှင့် ပတ်သက်၍ ရှင်းလင်း

တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် ကံပေါက်ဒေသတွင် LNG မှ လျှပ်စစ်ဓာတ်အား ထုတ်ယူပြီး လျှပ်စစ်ဓာတ်အား လိုင်းသွယ်တန်းမှုနှင့် ပတ်သက်၍ ရှင်းလင်း
Published 1 April 2018

LNG မှ လျှပ်စစ်ဓာတ်အား ထုတ်မည်ဟုဆိုသည့် တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် ကံပေါက်ဒေသ တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-ဖြိုးဇင်)

တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် ကံပေါက်ဒေသတွင် LNG မှ လျှပ်စစ်ဓာတ်အား ထုတ်ယူ၍ လျှပ်စစ်ဓာတ်အားလိုင်း သွယ်တန်းမှုနှင့် ပတ်သက်ပြီး ရှင်းလင်းဆွေးနွေးပွဲကို မတ် ၃၁ ရက် နံနက် ၉ နာရီက မော်လမြိုင်မြို့ ရာမညဟိုတယ်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဓာတ်အားလိုင်းအား LNG သဘာဝဓာတ်ငွေ့သုံး ဓာတ်အားထုတ်လုပ်ရေးစက်ရုံ တည်ရှိရာ တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် ကံပေါက်ဒေသမှ ပဲခူးတိုင်းဒေသကြီး ဘုရားကြီးမြို့အထိ သွယ်တန်းမည့် 500 KV ဓာတ်အားလိုင်း ဖြစ်ကြောင်း၊ ယင်းဓာတ်အားလိုင်းမှာ နိုင်ငံတော်ပိုင် တစ်နည်းအားဖြင့် ပြည်သူပိုင် ဖြစ်ကြောင်း၊ ဓာတ်အားလိုင်းမှာ မိုင်ပေါင်း ၂၈၀ (ကီလိုမီတာ - ၄၅၀) ရှည်လျားမည် ဖြစ်ကြောင်းနှင့် တနင်္သာရီတိုင်းဒေသကြီးမှ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးအထိ ဆက်စပ် သွယ်တန်းသွားမည် ဖြစ်ကြောင်း စီမံကိန်း အကောင်အထည်ဖော်မည့် ဆီးမန်း-မြန်မာကုမ္ပဏီ (SIEMENS-AG) မှ ဒုတိယ အထွေထွေမန်နေဂျာ ဦးကျော်မင်းက ရှင်းလင်းပြောကြားသည်။

၎င်းက ဆက်လက်ပြီး “ဒီစီမံကိန်းက နိုင်ငံရဲ့ လျှပ်စစ်ကွန်ရက်အတွင်းသို့လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁၂၃၀ (1230 MW) ထပ်တိုး ဖြည့်ဆည်းပေးမည်ဖြစ်ရာ ဓာတ်အား တည်ငြိမ်ပြီး ဈေးနှုန်းချိုသာတဲ့ လျှပ်စစ်ကို နိုင်ငံတော်ရဲ့ လျှပ်စစ်ကွန်ရက်မှ တစ်ဆင့် ချိတ်ဆက်ပြီးတော့ လုံလောက်စွာ သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ ဓာတ်အားတိုင် တစ်ခုနဲ့တစ်ခု အကွာအဝေးဟာ ပျမ်းမျှ ၁၃၀၀ ပေ (မီတာ ၃၉၀) ခန့်ရှိပြီးတော့ တနင်္သာရီတိုင်းဒေသကြီးအတွင်းမှာ ၁၄၉ တိုင်ခန့်၊ ကရင်ပြည်နယ်အတွင်းမှာ ၂၃၉ တိုင်ခန့်၊ မွန်ပြည်နယ်အတွင်းမှာ ၆၄၁ တိုင်ခန့်နဲ့ ပဲခူးတိုင်းဒေသကြီးအတွင်းမှာ ၁၂၈ တိုင်ခန့်ရှိနိုင်ပါတယ်။ ဓာတ်အားကြိုးတွေက ကောင်းကင်ကြိုးလိုင်းများ ဖြစ်ပြီးတော့ မြေပြင်မှ ကင်းလွတ်အမြင့် ၄၆ ပေ (၁၄ မီတာ) ရှိပါတယ်။ စီမံကိန်းကို ၂၀၁၉ ခုနှစ်မှ စတင်ပြီးတော့ စီမံကိန်းကာလကို သုံးနှစ် သတ်မှတ်ထားပါတယ်”ဟု ပြောကြားသည်။

“ဓာတ်အားလိုင်း သွယ်တန်း တည်ဆောက်ခြင်းအတွက် ရှင်းလင်းရမယ့် သီးပင်၊ စားပင်၊ လယ်ယာမြေ၊ ဥယျာဉ်ခြံ စသည်တို့အတွက် တန်ဖိုးကို အစိုးရက သတ်မှတ်ပေးတဲ့ နှုန်းထားအပေါ် အခြေခံပြီးတော့ အစိုးရ ဌာနဆိုင်ရာများနဲ့ပြည်သူလူထု ကိုယ်စားပြု အဖွဲ့ဝင်များ ပါဝင်တဲ့ “မြေယာ/သီးနှံညှိနှိုင်း ရှင်းလင်းရေးအဖွဲ့”ရဲ့ ညှိနှိုင်းမှုနဲ့ ရှင်းလင်းဆောင်ရွက်သွားဖို့ ရည်ရွယ်ထားပါတယ်။ ၂၀၁၈ ခုနှစ် မတ်လအတွင်းမှာ ဆောင်ရွက်နေတဲ့ ဓာတ်အားလိုင်း အဆိုပြုလမ်းကြောင်း မြေပြင်တိုင်းတာမှု လေ့လာမှုများဟာ ဓာတ်အားလိုင်း တည်ဆောက်ရေး လုပ်ငန်းစဉ်ရဲ့ ကနဦးအစသာ ဖြစ်တဲ့အတွက်ကို မြေယာ၊ သီးနှံညှိနှိုင်း ရှင်းလင်းရေးလုပ်ငန်းတွေ၊ ကိန်းဂဏန်းတွေအကြောင်းတော့ မသိရှိသေးပါဘူး။ EIA/IEE လို့ခေါ်တဲ့ လူမှုဘဝအပေါ် သက်ရောက်မှု ဆန်းစစ်ခြင်း လုပ်ငန်းစဉ်အတွင်းမှာ လူထုဆွေးနွေးပွဲတွေ ပြုလုပ်ပြီးတော့ ဒေသခံပြည်သူလူထုရဲ့ ဆွေးနွေးအကြံပြုချက်တွေကိုလည်း ကောက်ခံသွားရပါဦးမယ်”ဟု ဦးထွန်းထွန်းတင်က ဆက်လက်ပြောကြားသည်။

“ဒီ ဓာတ်အားလိုင်း သွယ်တန်းမယ့် စီမံကိန်းနဲ့ ပတ်သက်ပြီးတော့ ထူးခြားတာက အခြားစီမံကိန်းတွေနဲ့ ကွာခြားနေတာက အောက်ခြေကို အသိပေးတာမျိုးတွေ၊ သဘောတူညီချက် ရယူမှုတွေကို ကြိုတင် လုပ်ဆောင်လာခဲ့တယ်လို့ ကျွန်တော်တို့မြင်တယ်။ နောက်တစ်ချက်က အရပ်ဘက် အဖွဲ့အစည်းတွေအပေါ် သူတို့မြင်တဲ့ အမြင်က အရင်တုန်းက ကျွန်တော်တို့ မွန်ပြည်နယ်မှာ လုပ်ခဲ့တဲ့ စီမံကိန်းကြီးတွေပေါ့ဗျာ။ ဥပမာ ကျောက်မီးသွေးစက်ရုံ စီမံကိန်းကြီးလိုမျိုးပေါ့။ ဒေသခံပြည်သူတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံတယ်။ ဆွေးနွေးတယ် ဆိုတာက ဘယ်တုန်းကမှ မရှိခဲ့ဖူးဘူး။ အခုစီမံကိန်းနဲ့ ပတ်သက်ပြီးတော့ အခုလို လုပ်ဆောင်လာတဲ့အတွက် ကျွန်တော်တို့အနေနဲ့ အကြံပြုချင်တာ။ ဒေသခံတွေ ဘက်ကနေပြီးတော့မှ အခက်အခဲ ဖြစ်လာနိုင်ခြေတွေကို တင်ပြဆွေးနွေးခွင့် ရခဲ့ပါတယ်”ဟု Mon CSO Network မှ ညှိနှိုင်းရေးမှူး ဦးမင်းအောင်ထူးက ပြောကြားသည်။

၎င်းက ဆက်လက်၍ “နောက်ပြီး စီမံကိန်း အကောင်အထည်ဖော်မယ့် ကုမ္ပဏီတွေကလည်း သူတို့ကိုယ်တိုင် လုပ်ဆောင်နေတာတွေ ဖြစ်တဲ့အတွက်၊ တစ်ဆင့်ခံ ကုမ္ပဏီတွေ မဟုတ်တဲ့အတွက်ကို သူတို့ကိုယ်တိုင် လုပ်နိုင်တဲ့အတွက်ကို ပိုပြီးတော့ အဆင်ပြေနိုင်တာ တွေ့ရတယ်။ နောက်တစ်ခုက ဒီစီမံကိန်း အစီအစဉ်တွေ အကောက်အထည်ပေါ်လာမယ်ဆိုရင် ဒေသခံပြည်သူတွေ သဘောမတူတဲ့ ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေး စက်ရုံစီမံကိန်းလိုမျိုးတွေအပေါ် စိုးရိမ်မှုတွေ လျော့ပါးသွားနိုင်မယ်လို့ မြင်ပါတယ်”ဟု သုံးသပ်သည်။

Most Read

Most Recent