<

မိတ္တီလာ-ကျောက်ပန်းတောင်း ကားလမ်းမ မိုင်တိုင်(၁၂)အနီး သရက်ပင်တံတားအ၀င်တွင် ယာဉ်မတော်တဆဖြစ်ရာမှ ယာဉ်ပေါ်ပါ အမျိုးသားနှစ်ဦး နေရာတွင် သေဆုံး

မိတ္တီလာ-ကျောက်ပန်းတောင်းကားလမ်းမ မိုင်တိုင်(၁၂)အနီးတွင် ယာဉ်မတော်တဆမှုအား ဧပြီလ(၁)ရက်နေ့ မနက်ပိုင်းကတွေ့ရစဉ်။

မိတ္တီလာ-ကျောက်ပန်းတောင်း ကားလမ်းမ သရက်ပင်တံတားအ၀င်တွင် (၁၀) ဘီးကားတစ်စီး တံတားလက်ရန်းတိုက်ကာ သရက်ပင်ချောင်းအတွင်း ပြုတ်ကျရာမှ ယာဉ်ပေါ်ပါ အမျိုးသားနှစ်ဦးနေရာတွင် သေဆုံးခဲ့ကြောင်း သိရှိရသည်။

ဧပြီလ (၁) ရက်နေ့ မနက် (၄) နာရီဝန်းကျင်ခန့်က မိတ္တီလာမြို့ ရှမ်းမငယ် နယ်မြေရဲစခန်းမှူး ရဲအုပ်ခင်မောင်စိုးသည် မိတ္တီလာ-ကျောက်ပန်းတောင်းကားလမ်းမတွင် ယာဉ်မတော်တဆ ဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ယာဉ်မောင်း ၀င်းစိုးမောင်းနှင်ပြီး ယာဉ်နောက်လိုက် ပြည့်စုံလိုက်ပါလာသော 5N/—-နံပါတ်ပါ စိမ်းဝါရောင်(၁၀)ဘီး ယာဉ်မှာ မိတ္တီလာ-ကျောက်ပန်းတောင်းကားလမ်းမ မိုင်တိုင် (၁၂) မိုင်ခြောက်ဖာလုံ၊ သရက်ပင်တံတားအနီး အရောက်တွင် အရှိန်မထိန်းနိုင်ပဲ တံတားလက်ဝဲဘက်တိုင်များအား တိုက်မိကာ သရက်ပင် ချောင်းအတွင်း ထိုးကျသွားခဲ့ရာ ယာဉ်မောင်းဝင်းစိုး၊ ပြည့်စုံ (အသက်၊ နေရပ်၊ စီစစ်ဆဲ) တို့မှာ ဒဏ်ရာများရရှိပြီး နှစ်ဦးစလုံး အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း ကနဦး စစ်ဆေးချက်အရ သိရှိရသည်။

“မနက်တုန်းက ကားကျလို့ သတင်းရရခြင်း ကျွန်တော်တို့ ကြက်ခြေနီအဖွဲ့က လေးယောက် သွားရောက်ကူညီနေတာ၊ ကားက ဂဏန်းကားကြီး၊ မင်းပြားကနေ မောင်းလာတာ ဒီနားရောက်တော့ အမြင့်ကြီးကနေ ကားကျသွားတယ်၊ ဒရိုင်ဘာနဲ့ ယာဉ်နောက်လိုက် နှစ်ယောက်တည်း ပါလာတာ၊ တစ်ယောက်ကတော့ ဘော်ဒီထုတ်လို့ရပြီ၊ နောက်တစ်ယောက်ကတော့ ကားထဲမှာ ညပ်နေလို့၊ ညပ်နေတဲ့ လူကို ကရိန်းနဲ့ဆွဲပြီး ပြန်မထုတ်မှ ရမှာမို့လို့ ကရိန်းကားစောင့်နေရတယ်၊ အမျိုးသား နှစ်ယောက်လုံး နေရာတင် သေဆုံးသွားတယ်” ဟု မိတ္တီလာခရိုင်ကြက်ခြေနီ ဦးစီးမှူးဦးနေဦးက ဧပြီလ(၁)ရက်နေ့ မနက်(၁၀)နာရီဝန်းကျင်ခန့်က ပြောကြားသည်။

အဆိုပါ အမှုအား မိတ္တီလာမြို့နယ်ရှမ်း မငယ်နယ်မြေရဲစခန်းမှ ယာဉ်(ပ)အမှတ် ၆/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၄ (က) ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

April 1, 2018














Copy Protected by Chetan's WP-Copyprotect.